close

ပဲခူးဆေးရုံဝန်ထမ်းများက လူနာများကို ရိုင်းစိုင်းစွာဆက်ဆံပြီး ငွေကြေးတောင်းခံနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးမြို့က တိုင်းဆေးရုံကြီးမှာ ဆေးလာကုတဲ့ ပြည်သူတွေကို Non CDM ကျန်းမာရေးဝန်ထမ်းတွေက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့အပြင် ငွေကြေး တောင်းခံမှုတွေပါ ရှိနေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ခွေးကိုက်ခံရလို့ ကာကွယ်ဆေးသွားထိုးတဲ့ ကလေးငယ်တယောက်ရဲ့ မိခင်ကို ကာကွယ်ဆေးထိုးဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေက ငွေကျပ် ၇၀,၀၀၀ တောင်းခဲ့ပြီး ငွေကြေးမတတ်နိုင်ဘူးလို့ ကလေးမိခင်က ပြောခဲ့ရာမှာတော့ ကျန်းမာရေးဝန်ထမ်းတွေက ကလေးအသေခံဖို့သာ စောင့်နေလိုက်လို့ ပြောခံရတဲ့အတွက် ငွေကြေးရအောင်ရှာပြီး ပိုက်ဆံ ၃၀,၀၀၀ ထိုးခဲ့ရတယ်လို့ ကာယကံရှင် မိခင်တယောက်က ပြောပါတယ်။

ပဲခူးတိုင်းဆေးရုံကြီးရဲ့ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေအပေါ် ဆက်ဆံရေးကလည်း အရင် အရပ်သားအစိုးရ လက်ထက်နဲ့ယှဉ်လိုက်ရင် ပိုပြီးဆိုးဝါးလာနေတယ်လို့ အမည်မဖော်လိုတဲ့ လူနာတယောက်က ဆိုပါတယ်။

အဲဒီလို ခွေးကိုက်ခံရလို့ ကာကွယ်ဆေးထိုးမယ်ဆိုရင် ဆေးရုံကြီးတွေမှာ ငွေကြေးပေးစရာမလိုဘဲ ထိုးလို့ရပြီး သီးခြား ငွေကြေးကောက်ခံခိုင်းတာလည်း မရှိသလို အလှူခံပုံး ထားရှိတဲ့အတွက် လူနာရှင်တွေအနေနဲ့ မိမိစေတနာရှိသလောက်သာ အလှူခံပုံးထဲကို ထည့်ပြီး လှူဒါန်းလို့ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေအပေါ် ဆက်ဆံရေးကလည်း အရင် အရပ်သားအစိုးရလက်ထက်တုန်းက ဆက်ဆံရေးနဲ့ မတူဘဲ ဝန်ဆောင်မှုပိုင်းမှာ ညံ့ဖျင်းလာသလို အကျင့်ပျက်ခြစားမှုတွေကလည်း ပိုများလာတယ်လို့ ဒေသအသီးသီးက ပြည်သူတွေရဲ့ မှတ်ချက်တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up