တရုတ်စစ်တပ်ကို လေ့ကျင့်ပေးမည့် လေယာဉ်မှူးများကိစ္စ သြစတြေးလျ ပြန်သုံးသပ်မည်

တရုတ်စစ်တပ်ကို လေ့ကျင့်ပေးဖို့ အကူအညီတောင်းခံခဲ့တဲ့ အနောက်နိုင်ငံက စစ်လေယာဉ်မှူးတွေထဲမှာ ဩစတြေးလျနိုင်ငံသားတွေလည်း ပါဝင်နေကြောင်း အစီရင်ခံစာတွေ ထွက်လာပြီးနောက် သြစတြေးလျအစိုးရဟာ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက် တွေကို ကာကွယ်ရမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ တာဝန်ဝတ္တရားတွေကို ပြန်လည်သုံးသပ်တော့မှာဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်က ပြောလိုက်ပါတယ်။
ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့တို့ဟာ သြစတြေးလျက အမှုကိစ္စတွေကို စုံစမ်းစစ်ဆေးနေကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်ဒ် မားလ်စ်က ပြောကြားပြီး သြစတြေးလျကာကွယ်ရေးတပ်က ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ကြောင်း ကြေညာခဲ့ပါတယ်။
သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့မှာ အမှုထမ်းကြတဲ့ ဒါမှမဟုတ် ဓနသဟာယရဲ့ တခြားနိုင်ငံတခုခုမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဒီနိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို ပိုင်ဆိုင်ထားသူတွေအတွက် အဲဒီလျှို့ဝှက်ချက်ကို ရေရှည်ထိန်းသိမ်းထားဖို့ တာဝန်ရှိတယ်လို့ မားလ်စ်က မီဒီယာညီလာခံမှာ ပြောကြားခဲ့ပါတယ်။
နယူးဇီလန် ကာကွယ်ရေးတပ်ဖွဲ့ဟာ အရင် စစ်ဘက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးနေတဲ့ နိုင်ငံခြားစစ်လေယာဉ်မှူးတွေကို ရပ်တန့်ဖို့ ဥပဒေတွေ လိုအပ်ခြင်း ရှိ မရှိ နယူးဇီလန် ကာကွယ်ရေးဝန်ကြီးကလည်း အကြံဉာဏ် တောင်းခံထားကြောင်း ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။