close

နာမည်ကြီး ဟာသစာရေးဆရာ အကြည်တော် ကွယ်လွန်

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ နာမည်ကြီး ဟာသစာရေးဆရာတယောက်ဖြစ်တဲ့ အကြည် တော်ဟာ နိုဝင်ဘာ ၉ ရက် ည ၈ နာရီခွဲအချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

အကြည်တော်ဟာ ပြီးခဲ့တဲ့ လတွေကတည်းက ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုမှုခံယူဖို့ သွားခဲ့ရပြီး  မြန်မာပြည်ပြန်ရောက်ချိန်မှာလည်း ရန်ကုန်မြို့က ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၀ အရွယ်ရှိနေပြီ ဖြစ်တဲ့ စာရေးဆရာ အကြည်တော်ဟာ ထင်ရှားတဲ့ ဟာသလုံးချင်း ဝတ္ထုပေါင်း များစွာကို ရေးသားခဲ့တဲ့ နာမည်ကျော် စာရေးဆရာတယောက်ဖြစ်ပြီး မကြာသေးခင်ကပဲ သူကိုယ်တိုင် ဖန်တီးထားတဲ့ ကဗျာနဲ့ ဂီတ ပေါင်းစပ်ထားတဲ့ "ကဗျာဂီတ အယ်လ်ဘမ်" ကို ဖြန့်ချိခဲ့ပါသေးတယ်။

အကြည်တော်ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်လောက်ကတည်းက ကိုကိုကြီး ကလောင်အမည်နဲ့ စာပေလောကကို စတင် ဝင်ရောက်လာခဲ့ပြီး ၂၀၀၃ ခုနှစ်က စတင်ကာ အကြည်တော် အမည်နဲ့ လုံချင်းဝတ္ထုတွေ စတင် ရေးသားခဲ့ရာကနေ တစတစ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်သည် ငိုတတ်သည်၊ ဘီလူး၊ ရွှေမိုးသည်းစတဲ့ စာအုပ်တွေကတော့ ပရိသတ်တွေကြား ထင်ရှားပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့တဲ့ ဝတ္ထုတွေ ဖြစ်ခဲ့ပါတယ်။

လတ်တလောမှာတော့ အကြည်တော်ရဲ့ နာရေးသတင်းအပေါ် ပရိသတ်တွေကရော၊ စာပေအနုပညာအသိုင်းအဝိုင်းကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေမှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up