အာဂျင်တီးနားအစိုးရ၏ စီးပွားရေးမူဝါဒကို ပြည်သူထောင်ချီ ကန့်ကွက်ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံသား ထောင်ပေါင်းများစွာတို့ဟာ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်ဖို့နဲ့ ပိုကောင်းမွန်တဲ့ နေရေးထိုင်ရေး အခြေအနေတွေကို တောင်းဆိုဖို့ နိုဝင်ဘာ ၁၀ ရက်က ဗျူနိုအေးရိစ်ရဲ့ လမ်းတွေပေါ်ကိုထွက်ပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဒီချီတက်ပွဲကို လူမှုရေးအဖွဲ့အစည်းများအဖွဲ့ကနေ ခေါ်ယူစုရုံးခဲ့တာဖြစ်ပြီး လက်ဝဲယိမ်း အလုပ်သမားပါတီနဲ့ ဆက်စပ်နေတဲ့ ‘ပိုလို အော့ဘ်ရီရို’ လူမှုရေးအဖွဲ့အစည်းက ဦးဆောင်ခဲ့တာပါ။
နိုင်ငံတွင်း လုပ်ခလစာတွေဟာ ဆင်းရဲမွဲတေမှုအောက်မှာ ရှိနေတာကြောင့် တနေ့ ထမင်း ၃ နပ် မစားနိုင်တဲ့ မိသားစုတွေ ထောင်နဲ့ချီပြီးရှိနေကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
အရင်တုန်းကဆို အစားအသောက်တွေ အလကားပေးသလို ဈေးလျှော့ရောင်းတဲ့ ဆိုင်တွေကို တခါမှ မလာဘူးတဲ့ မိသားစုတွေ ခပ်များများ ရောက်လာကြတယ်လို့ ဆန္ဒပြသူ ဆီဘက်စတီယန် မာတီနိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ လ ၃ လလောက်အထိ နေ့တိုင်း စားနိုင်သောက်နိုင်ခဲ့ကြပေမဲ့ ဒီနေ့တော့ အခြေခံစားသောက်စရာ ဈေးနှုန်းတွေက တက်ပြီး လစာတွေလည်း လုံးဝကို သုံးစွဲလို့မလောက်နိုင်ဘူးလို့ ဆိုပါတယ်။
အာဂျင်တီးနားဟာ အခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းကို အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်း အထိ ရင်ဆိုင်နေရတာပါ။
နိုင်ငံဟာ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ငွေကြေးဖောင်းပွမှု မြင့်မားတဲ့ကာလကစပြီး အခုနှစ်အတွင်း စျေးနှုန်းအမြင့်ဆုံး မြင့်တက်မှုကို ကြေညာဖို့ စီစဉ်ထားပါတယ်။
အာဂျင်တီးနားနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ပေမဲ့ မကြာသေးခင်နှစ်တွေအတွင်း စီးပွားရေးအကျပ်အတည်း တခုပြီးတခု ကြုံနေရတာဖြစ်ပြီး ငွေကြေးဖောင်းပွမှု ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရပါတယ်။