ဘူးခွံဆယ်ပြား ပြည်သူ့အား

မေပယ်ရွက် နီနီ၊ ဝါဝါ၊ လိမ္မော်ရောင်တွေ လှလှပပကြွေနေတဲ့ ဆောင်းဦးရာသီ နိုဝင်ဘာလရဲ့ တနင်္ဂနွေ တမနက်ခင်း၊ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ် ရေခဲမှတ်လောက်နီးနီး အေးစက်နေပြီး နှင်းမိုးတွေရွာနေတဲ့ လမ်းမထက်မှာ နောက်တွဲယာဉ်လေးတပ်ထားတဲ့ အနက်ရောင်ကားတစီးနဲ့ လူသုံးယောက် ကနေဒါနိုင်ငံ ဆာရေးမြို့လေးရဲ့ လမ်းတွေပေါ်မှာ တအိမ်ဝင် တအိမ်ထွက်လို့ ဘူးခွံတွေ၊ ပုလင်းခွံတွေ စုဆောင်းထည့်ထားတဲ့ အမှိုက်အိတ်တွေနဲ့ အလုပ်ရှုပ်လို့နေလေရဲ့။
ဆာရေးမြို့လေးကတော့ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ တည်ရှိတဲ့ ဗန်ကူးဗားဒေသရဲ့ စည်ပင်နယ်နိမိတ်ထဲမှာပါဝင်တဲ့ မြို့တမြို့ဖြစ်ပြီး ကနေဒါရောက် မြန်မာပြည်ဘွား မိသားစုတွေ ရာနဲ့ချီနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြို့လေးတမြို့ ဖြစ်ပါတယ်။

ဒီမြို့မှာရောက်ရှိနေတာ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပြီဖြစ်တဲ့ ကိုမင်းမင်း၊ ကိုရဲနဲ့ မရှမ်းမတို့ သုံးယောက်သား အခုလို အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အေးအေးလူလူ အိမ်မှာ မိသားစုနဲ့ အနားယူမနေနိုင်ဘဲ အေးလွန်းတဲ့ရာသီဥတုဒဏ်ကို အံတုပြီး အပင်ပန်းခံ ကြိုးပမ်းနေရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာတဖက်ခြမ်း မိုင်ပေါင်း ၇,၃၀၀ လောက်ဝေးကွာတဲ့ မွေးရပ် အမိမြန်မာပြည်က စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးအတွက် တထောင့်တနေရာကနေ ပါဝင်ကူညီပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ကိုမင်းမင်းက ကားမောင်းရင်း ဘူးခွံတွေစုထားပေးတဲ့ အလှူရှင်တွေရဲ့နေအိမ်ကို လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြား အိမ်ရှေ့ကိုရောက်လို့ အိမ်ရှင်ထွက်လာတဲ့အခါမှာ ကိုရဲထွဋ်နဲ့ မရှမ်းမတို့က မိုးကာအင်္ကျီဝတ်၊ ခမောက်ကိုဆောင်း မိုးရွာထဲမှာလျှောက်ကာ ဘူးခွံအိတ်တွေကို သွားယူပြီး နောက်တွဲယာဉ်လေးပေါ်ပစ်တင်ကာ ခရီးဆက်၊ တချို့အိမ်တွေမှာတော့ သုံးယောက်သားဆင်းကာ အိမ်ရှင်တွေနဲ့ စကားစမြည် ပြောကြဆိုကြ စကြနောက်ကြရင်း အိမ်နောက်ဖေးခြံထဲက စုထားတဲ့ ဘူးခွံတွေ ပုလင်းခွံထုပ်တွေကို ယူဆောင်ကြရပြန်ပါတယ်။
ဒီလို တအိမ်ထွက်တအိမ်ဝင် စုဆောင်းပြီးတဲ့အခါ သုံးယောက်သား မရှမ်းမရဲ့နေအိမ်ကို ပြန်လာကြပြီး ကားဂိုထောင်ထဲမှာ အမှိုက်အိတ်တွေကို သယ်ယူကာ သွန်ချလိုက်ပြီး အိတ်ထဲမှာပါလာတဲ့ Jack daniels၊ Vodka အရက်ပုလင်း၊ ဝိုင်ပုလင်းမျိုးစုံ၊ Heineken၊ Budweiser စတဲ့ ဘီယာဘူးခွံမျိုးစုံ၊ နွားနို့ဘူး၊ ရေသန့်ဘူး စတဲ့ အရက်နဲ့ အဖျော်ယမကာ အမှတ်တံဆိပ်မျိုးစုံ ပုံစံအမျိုးမျိုးကို ပုလင်းသတ်သတ်၊ ဘူးသတ်သတ် အမျိုးအစားခွဲ ရေတွက်လို့ အိတ်တွေနဲ့ တခါပြန်ထည့်ကြရပြန်ပါတယ်။

ဒီနောက်မှာတော့ တဖန်ပြန်လည်အသုံးပြုနိုင်တဲ့ Recycle ပစ္စည်းတွေဝယ်ယူတဲ့ Bottle Depot အလုပ်ရုံကို သုံးယောက်သား ဆက်လက်သွားရောက်ကြရပြန်ပါတယ်။ အဲဒီနေရာ အရောက်မှာတော့ ကားနောက်တွဲလေးပေါ်ကနေ လက်တွန်းလှည်းပေါ် ဘူးခွံအထုပ်တွေ တင်ပြီး အလုပ်ရုံထဲဝင်ရောက်ကာ အမှိုက်ကနေ ငွေပြန်ဖော်ဖို့ ဘူးခွံတွေလာသွင်းနေကြတဲ့ တခြားသူတွေနည်းတူ ပါလာတဲ့ ပုလင်းတွေနဲ့ ဘူးခွံတွေကို စီစီရီရီ စနစ်တကျထည့်ကာ လက်ခံကောင်တာမှာ တင်ပေးရပါတယ်။ အဲဒီနောက် ဝန်ထမ်းအမျိုးသမီးက ပုလင်းခွံတွေ၊ ဘူးခွံ အရေအတွက်အတိုင်း တွက်ချက်ပြီး ငွေပြန်ရှင်းပေး၊ ရလာတဲ့ငွေနဲ့ နွေဦးတော်လှန်ရေး အတွက် ရန်ပုံငွေထည့်ဝင်လှူဒါန်းကြရတာပါ။
ဘူးခွံတွေ ပုလင်းခွံတွေ ရောင်းချရာမှာ တဘူးကို ကနေဒါဒေါ်လာ ဆယ်ပြားရရှိပြီး သီတင်းတပတ်ကို ပျမ်းမျှ ဒေါ်လာ ၁၀၀ ကျော်၊ တလကို ဒေါ်လာ ၅၀၀ လောက် ရန်ပုံငွေရှာပေးနိုင်တာ ဖြစ်ပါတယ်။ နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းတွေများလာရင်တော့ ဆီဖြစ်တာပေါ့လို့ ကိုမင်းမင်းက အားတက်သရော ပြောပြပါတယ်။
“ချင်းအတွက် လှူနိုင်တယ်။ စစ်ကိုင်းအတွက် လှူနိုင်တယ်။ ပရောဂျက်တွေ လှူနိုင်တယ်။ မမပရောဂျက်တွေ လှူနိုင်တယ်။ စစ်ကိုင်းအတွက်ဆို စစ်ကိုင်းပေါ့၊ ဘယ်နေရာမှာလိုအပ်လဲ၊ လိုအပ်တဲ့နေရာတွေ လိုက်လှူတာပေါ့။ ပိုက်ဆံရလာပြီဆို ရလာသလောက် ကျနော်တို့က ဘယ်နေရာလိုအပ်လဲ၊ လိုအပ်တဲ့နေရာကို ကောက်လှူလိုက်တယ်။ ငါးလအတွင်းမှာ ကျနော်တို့က ဒေါ်လာ ၂,၀၀၀ ကျော်လောက်တော့ရှိတယ်။ ဘယ်နေရာကလိုလိုပေါ့ အစ်ကိုရာ လိုတဲ့နေရာ လှူတာပေါ့။ တခါတလေကျတော့လည်း နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းတွေများလာရင်တော့ ဆီဖြစ်တာပေါ့။”
ကိုမင်းမင်းဟာ တဖက်မှာ ဝမ်းစာအတွက် ပုံနှိပ်လုပ်ငန်းနဲ့ Delivery ပို့တဲ့အလုပ်တွေလုပ်ရင်း တဖက်မှာလည်း NUG Bond ငွေတိုက်စာချုပ်တွေ၊ ရှယ်ယာတွေ၊ ကံစမ်းမဲပေါင်းစုံ၊ ထောက်ပို့နဲ့ ပရောဂျက်ပေါင်းစုံအတွက် တဖက်တလမ်းက ရန်ပုံငွေရှာဖွေ ကူညီပေးနေသူတဦး ဖြစ်ပါတယ်။
ရန်ပုံငွေများများရတဲ့နေ့တွေဆို ပျော်ရွှင်ရတဲ့အကြောင်းနဲ့ အလုပ်တဖက်နဲ့ အားလပ်ရက်မှာသာ လုပ်နိုင်တဲ့အတွက် အားမလိုအားမရ ဖြစ်မိတဲ့အကြောင်း ကိုမင်းမင်းက ပြောပါတယ်။
“တဖက်တလမ်းက အများကြီးမဟုတ်ရင်တောင် သူတို့အတွက် ရိက္ခာဖိုးပဲရရ၊ ဘာဖိုးလေးပဲရရ ဆိုတော့ ကျနော်တို့လည်း ပီတိဖြစ်တာပေါ့။ ဟိုတရက်က ကျနော်တို့ စစ်ကိုင်းဘက်ကို လှူတဲ့အခါကျတော့ ကျေးဇူးတင်စကားကို တကယ့်ကို သူတို့ရင်ထဲကကို ပြောတယ်။ အဲဒီလိုလေး ကြားရတော့၊ အော် ငါတို့ပင်ပန်းမှုက သူတို့အသက်ပေးတာလောက်တော့ မများဘူးပေါ့နော် အဲလိုပဲပေါ့။ ကိုယ့်ရဲ့ပီတိဖြစ်မှုကတော့ အများကြီးပဲပေါ့။ ဒါပေမဲ့ ကိုယ့်အချိန်က မလောက်ငတဲ့အခါကျတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒီအထက်အများကြီး လုပ်ချင်တယ်။ မိသားစုကိစ္စတွေ၊ ရာသီဥတုက အေးလာတော့။ တခါတလေကျရင် အများကြီးရရင် အရမ်းပျော်တာ။ ဟိုလိုမျိုး ဒေါ်လာ ၂၀၀၊ ၂၀၀ ကျော်လောက်ရတဲ့ အပတ်တွေဆို အရမ်းပျော်တာ ကျနော်တို့တွေ။ နည်းလာတဲ့အပတ်ဆိုရင် ကျနော်တို့တွေ နည်းနည်းလေး မတင်းတိမ်ဘူးပေါ့နော်။ ဟာ ငါတို့ ဒီတပတ်တော့ နည်းနည်းလေးပဲ ရလိုက်တယ်ကွာ။ အဲဒါဆို ငါတို့ နည်းနည်းလေးပဲ လှူလို့ရပါလားဆိုတဲ့ ဝမ်းနည်းစိတ်လေးတော့ ဖြစ်တာပေါ့။”
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ ခုခံတွန်းလှန်စစ် ဆင်နွှဲနေတဲ့ သူရဲကောင်း ရဲဘော်တွေအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် တိုင်းရင်းသားလူမျိုးစုံက နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေရှာ ပံ့ပိုးကူညီနေကြသလို ဗန်ကူးဗားဒေသရောက် မြန်မာတွေကလည်း နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေရှာ လှူဒါန်းပေးနေကြတာပါ။
အခုလို ဘူးခွံတွေရောင်းပြီး ရန်ပုံငွေရှာရတာနဲ့ ပတ်သက်ပြီး ကိုရဲက “ကျနော်တို့က ပထမ ကိုယ့်အထဲက ချွေးနှဲစာလေးတွေနဲ့ နွေဦးတော်လှန်ရေးကို ထောက်ပံ့ကြတယ်။ နောက်ပြီးတော့ အစားအသောက် ဈေးရောင်းပွဲတွေနဲ့ ရန်ပုံငွေရှာတယ်။ နိုင်ငံတနိုင်ငံကနေ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကို ထောက်ပံ့တာမဟုတ်တော့ နေရာတိုင်းမှာ လိုအပ်ချက်တွေက များလာတယ်။ အဲဒီတော့ ကျနော်တို့ ကံစမ်းမဲတွေရောင်းတယ်။ အဲဒီကနေ Idea လေးတခု ရလာတာက ကျနော်တို့ ဒီလို အမှိုက်ထဲကနေ ဘူးခွံတွေ ပုလင်းခွံတွေစုပြီး ရောင်းကြလို့ ရှိရင်တော့ ဒါဟာလည်း ရန်ပုံငွေတခု ဖြစ်လာနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ စခဲ့တယ်” လို့ ပြောပါတယ်။
ကိုရဲထွဋ်ဟာ ကြားရက်တွေမှာတော့ အလူမီနီယမ်စက်ရုံတခုမှ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူ့ရဲ့မိသားစုဟာလည်း ဈေးရောင်းပွဲတွေမှာဆိုရင် တို့ဟူးသုတ်ရောင်းချပြီး နွေဦးတော်လှန်ရေးအတွက် တတပ်တအား ရန်ပုံငွေရှာဖွေပေးနေတာ ဖြစ်ပါတယ်။
“ကျနော်တို့က ဒီဘူးခွံတခု ဆယ်ပြားရဲ့ တန်ဖိုးကိုလည်း တန်ဖိုးထားပေးတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ဘယ်သူ့ရဲ့နာမည်မှ မပါဘဲ အများစုပေါင်းလှူတဲ့ ထောက်ပံ့တဲ့ဥစ္စာ ဖြစ်တဲ့အတွက် ကျနော်တို့ တန်ဖိုးထားတယ်။ နောက်တခုက ကျနော်တို့လုပ်အားကို တန်ဖိုးထားတယ်။ ဘာလို့လဲဆိုတော့ ဒီလို အမှိုက်ထဲကဟာကိုတောင် စုပြီးတော့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကို ထောက်ပံ့နေတာတွေကို ကျနော်တို့ ကွန်မြူနတီ၊ ကျနော်တို့ရဲဘော်တွေ သူငယ်ချင်းတွေ မြင်တဲ့အခါမှာ သူတို့လည်း တက်ကြွလာတယ်။ သူတို့လည်း ခါတိုင်း ဘူးခွံတွေ မကောက်တဲ့လူတွေ၊ မကောက်ဘဲနေတဲ့လူတွေ၊ ဆိုင်တွေဘာတွေမှာ ကိုယ့်အတွက်ကိုယ် မရောင်းတဲ့လူတွေက ကျနော်တို့ကို ဘူးခွံတွေ စိုက်ထုတ်ပေးတယ်။ ဒီအတွက်လည်း ကျနော်တို့ ကျေးဇူးတင်ရတယ်။ အဲဒီကရလာတဲ့ငွေကို အလှူလုပ်ပြန်တော့လည်း ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးရဲဘော် ပီဒီအက်ဖ် သူရဲကောင်းတွေက ကျနော်တို့ကို ပြန်ပြီး ကိုယ်ချင်းစာပြီး ကျနော်တို့လှူတဲ့ငွေတွေကို တန်ဖိုးထားပြီးတော့ အလေအလွင့်မရှိအောင် သုံးတဲ့အကြောင်း ကျေးဇူးတင်တဲ့အကြောင်း ကျနော်တို့ ပြန်ကြားတယ်။ ကျနော်တို့ အင်မတန်မှ ဒီလုပ်ငန်းလေးကို တန်ဖိုးထားတယ်။ ပီတိဖြစ်တယ်။ ဒီလုပ်ငန်းကနေရလာတဲ့ ဥစ္စာကို အဲတော့ ကျနော်တို့က နာမည်တပ်လိုက်တယ် ‘ဘူးခွံဆယ်ပြား ပြည်သူ့အား’ လို့။”

တနင်္ဂနွေနေ့ရောက်တိုင်း မိုးဘယ်လောက်ရွာရွာ၊ နှင်းဘယ်လောက်ကျကျ၊ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံပြီး အားတက်သရော ဘူးခွံတွေ၊ ပုလင်းခွံတွေ စုဆောင်းကောက်ပေးတတ်တဲ့ မရှမ်းမကတော့ ရတဲ့ပိုက်ဆံက မများပေမဲ့ အပတ်တိုင်း လှူနိုင်တာကို ဝမ်းသာပီတိ ဖြစ်မိတယ်လို့ ပြောပါတယ်။
“ကိုယ်က ဝင်ငွေမရှိဘူး။ ဒီဘူးကလေးကိုကောက်ပြီး သူများလည်း ပစ်မယ့်အတူတူ ကောက်တယ်။ ကောက်ပြီးတော့ ဟိုမှာ ကိုယ့်ထက်ပိုပြီး ရုန်းကန်နေရတဲ့သူတွေကို ကိုယ်ပေးချင်တာပေါ့။ အရင်တုန်းကတော့ ကိုယ်ပိုက်ဆံ ကိုယ်အလုပ်လုပ်ရင် ရတဲ့လစာလေးနဲ့ ကိုယ်ဖဲ့ပြီး လှူနိုင်တယ်။ အခု ဝင်ငွေမရှိတော့ သူများပစ်မယ့်ဟာတွေကနေ အကူအညီတောင်းတယ်။ လိုက်ကောက်တယ်။ အသက်ပေးတာထက်စာရင် ကိုယ်က ဒီလိုဒီလို လုပ်နေရတယ်ဆိုတာက အသေးအမွှားလေးပါ။ ဒါကြောင့်မို့လို့ ပါဝင်ကူညီဖြစ်တာ။”
မရှမ်းမဟာ ရှမ်းပြည်နယ် နမ့်စန်မြို့က ရှမ်း-ပလောင် တိုင်းရင်းသူတယောက်ဖြစ်ပြီး ရန်ပုံငွေရှာ ဈေးရောင်းပွဲတွေမှာတော့ ရှမ်းခေါက်ဆွဲရောင်းကာ တော်လှန်ရေးအတွက် ပုံမှန် ကူညီအားဖြည့်ပေးနေသူတယောက် ဖြစ်ပါတယ်။
အခုလို ပုလင်းခွံတွေရောင်းပြီး ရန်ပုံငွေရှာရတဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မရှမ်းမက “အခက်အခဲကတော့ တချို့လည်း စေတနာရှိတယ် ပေးကြတယ်။ တချို့လည်း စေတနာမရှိဘူး။ အမှိုက်ပုံးကအစ ပေးမဖွင့်ဘူး။ မောင်းထုတ်တာ အဲလိုမျိုးလည်းခံရတယ်။ အဲဒါဆိုလည်း ပြေပြေလည်လည် ပြောရတာပေါ့။ ငါမလာတော့ဘူးလို့။ ပေးတဲ့အိမ်ကြတော့လည်း ညနေကျရင် ပြန်လာ၊ ငါအိမ်ရှင်းပြီးရင် ပြန်ပေးဦးမယ်။ ဒါကတော့ မတူညီတဲ့ဟာတွေပေါ့။ အဲလိုမျိုးတွေတော့ ဆက်ဆံခံရပါတယ်” လို့ ပြောပါတယ်။
ဆာရေးမြို့ခံ မြန်မာအသိုက်အဝန်းကြားမှာတော့ သူတို့သုံးယောက်ကို 2021 Burma Action Group Vancouver (BAGV) အဖွဲ့ရဲ့ Bottle Depot အကောက်ခွန်ဌာနအဖြစ် ချစ်စနိုးနဲ့ စကြ နောက်ကြတာ ရှိပါတယ်။
ဘူးခွံတွေလှည့်လည်ကောက်ရင်း ခရီးတထောက်ဝင်နားတဲ့ အကောက်ခွန်အဖွဲ့သားတွေကို အားပေးတဲ့အနေနဲ့ ဆာရေးမြို့မှာ မြန်မာစားသောက်ကုန်ပစ္စည်းမျိုးစုံရောင်းချတဲ့ ‘နေပြည်တော်’ဆိုင်ရှင် မချိုမာ ကတော့ အကြော်စုံနဲ့ ရေနွေးပူပူကို ဒါနပြုလေ့ရှိပါတယ်။
ဘူးခွံတွေစုဆောင်းပြီး လှူဒါန်းပေးလေ့ရှိသူတဦးဖြစ်တဲ့ ကိုတင်အောင်ထွန်းကတော့ အဖွဲ့သားသုံးယောက်ရဲ့ အခုလို လုပ်ဆောင်ချက်တွေဟာ အရမ်းမြင့်မြတ်ပြီးတော့ သိက္ခာရှိတဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်သလို တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်သူတွေဖြစ်တယ်လို့ ပြောပါတယ်။
“ဒီဥစ္စာက အင်မတန်မှ ခက်ခဲပြီး နက်ရှိုင်းတဲ့လုပ်ငန်းလေးတရပ်။ သာမန်အားဖြင့် ဘူးခွံလေး ကောက်ပေးတယ်ဆိုပေမဲ့ ကျနော်တို့က မိုးထဲရေထဲမှာလုပ်ရတာ။ နောက်ပြီး ဘူးခွံတွေကို ဒီအတိုင်းသွားပေးလို့ မရသေးဘူး။ ပထမဆုံး ဘူးခွံတွေရဖို့ကို လူတွေအကုန်လုံးကို လိုက်ပြီးတော့ မေးရတယ်၊ ပြောရတယ်။ Information တောင်းရတယ်၊ သူတို့မှာရှိတယ်၊ ဘယ်အချိန်လာယူလို့ရတယ် ပြောရတယ်။ သူတို့ အများကြီး အလုပ်တွေလုပ်ရတယ်။ အခုခေတ် ဆီဈေးနဲ့ဆို ဆီကုန်တာတို့၊ လုပ်အားကုန်တာတို့ ဒီရာသီဥတုနဲ့ အခက်အခဲကြားထဲမှာ လုပ်ရတာတို့ အဲဒါတွေ အားလုံးပေါင်းလိုက်တဲ့အရာက သူတို့ရဲ့ မတည်မှုတခုက သူတို့ပေးဆပ်ချင်တဲ့ အရာတခုပေါ့၊ ဒီတော်လှန်ရေးအပေါ်မှာ။ အဲဒီအတွက် ပေးဆပ်မှုတွေနဲ့ သူတို့က ကြိုးစားနေတဲ့ အုပ်စုလေးတခုပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့လုပ်ရပ်ကို မြို့မှာရှိတဲ့လူတွေ အကုန်လုံးကလည်း လေးလေးစားစားနဲ့ လက်ခံတယ်။ ဝိုင်းဝန်းပြီးတော့ ကူညီတယ်။ နောက်ပြီး ဒီဥစ္စာက အရမ်းမြင့်မြတ်ပြီးတော့ သိက္ခာရှိတဲ့အလုပ်လို့ ကျနော်ကတော့ မြင်တယ်။ သူတို့က ဘူးခွံကောက်တဲ့လူ မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို ပေးဆပ်တဲ့လူတွေလို့ပဲ ပြောချင်တယ်။”
အခုလို ဘူးခွံတွေ ပုလင်းခွံတွေ ကောက်ယူစုဆောင်း ပြန်လည်ရောင်းချပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေရှာတဲ့ အကောက်ခွန်ဌာနကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၀ ရက်က စတင်လုပ်ဆောင်ခဲ့ရာမှာ အခုဆိုရင် ၅ လသက်တမ်း ရှိသွားပြီဖြစ်ပါတယ်။ စတင်လုပ်ခါစကတော့ ဘူးခွံတွေကို ကားနောက်ခန်းထဲမှာပဲထည့်ကာ အခေါက်ခေါက်အခါခါ သယ်ရပေမဲ့ အခုအချိန်မှာတော့ အလှူရှင်တွေရဲ့ ကျေးဇူးနဲ့ ပစ္စည်းတင်ဖို့ နောက်တွဲယာဉ်ကလေးပါ ရှိလာပြီမို့ လုပ်ရတာ ပိုအဆင်ပြေလာတယ်လို့ ကိုမင်းမင်းက ပြောပါတယ်။
ဒီလုပ်ငန်းကို စလုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီး ကိုမင်းမင်းက “ငါ ရန်ပုံငွေဘယ်လိုရှာမလဲ၊ ဒီနိုင်ငံမှာက အားလုံးက နာရီစားတွေချည်းပဲ။ အိမ်လခပေးရတယ်၊ စားစရိတ် သောက်စရိတ် အကုန်ကုန်တယ်။ အများကြီးကုန်တယ်။ အဲတော့ ငါ့ကို တဆယ်လှူပါတို့၊ နှစ်ဆယ်လှူပါတို့ ဆိုတာ ပြောရတာ တော်တော်လေးအားနာတယ်။ အဲတော့ ကျနော်တို့ ဒီမှာ သူများတွေ ဘိန်းစားတွေ ဘူးခွံတွေလိုက်ကောက်ပြီး သူတို့ရောင်းတယ်။ သူတို့ အဲဒီပိုက်ဆံလေးနဲ့ စားတာတို့ ဆေးချတာတို့ တွေ့ဖူးတော့ အိုကေ အဲဒါဆိုရင် ကျနော်တို့က ဘယ်လိုရအောင်ရှာမလဲ စဉ်းစားတယ်။ ကျနော်တို့လည်း ဘူးခွံလိုက်ကောက်ပြီး ရောင်းမယ်ပေါ့။ လူတိုင်းက ရေသောက်တယ်။ ရေဘူးခွံယူမယ်၊ ဘီယာသောက်တယ်ဆို ဘီယာဘူးခွံယူမယ်၊ ကျနော်တို့ကို အဲဒါလေးလှူကြပါဗျာလို့ အလှူခံခဲ့တာ။”
အခုလို ဘူးခွံ၊ ပုလင်းခွံတွေ ပြန်ရောင်းချတာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ရန်ပုံငွေရှာတဲ့ အလုပ်တွေကို နွေဦးတော်လှန်ရေး မအောင်မြင်မချင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သုံးယောက်သား စိတ်အားထက်သန်စွာနဲ့ ပြောပြပါတယ်။
ဒါ့အပြင် တော်လှန်ရေးပြီးရင်တောင် တိုင်းပြည်ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးရေးကို ဆက်လက်ပြီး တထောင့်တနေရာကနေ ပါဝင်ကူညီမယ့်အကြောင်းနဲ့ “ကျနော်တို့ကို မလိုအပ်တော့ဘူးဆိုတဲ့ အချိန်အထိကတော့ ကျနော်တို့က လုပ်ရမှာပေါ့” လို့ ကိုမင်းမင်းက ပြောပါတယ်။

‘ဘူးခွံဆယ်ပြား ပြည်သူ့အား’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ရေခဲတမျှအေးနေတဲ့ နှင်းတွေကျ မိုးတွေရွာနေတဲ့ ရာသီဥတုအောက်မှာ ကိုမင်းမင်း၊ ကိုရဲနဲ့ မရှမ်းမတို့ သုံးဦးရဲ့ ထုံကျဉ်အေးခဲနေတဲ့ လက်အစုံတွေနဲ့ ဆယ်ပြားတန် ဘူးခွံ၊ ပုလင်းခွံလေးတွေဟာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေးရဲ့ သမိုင်းစာမျက်နှာမှာ တထောင့် တနေရာကနေ ပါဝင် ကမ္ပည်းတင်နေမှာ အသေအချာပဲဖြစ်ပါတယ်။
ပီတာအောင်