နိုင်ငံခြားဧည့်သည် တနေ့လျှင် ၄ သောင်းကျော်မှ ၅ သောင်းထိ ထိုင်းသို့ ဝင်ရောက်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါအလွန် စည်းကမ်းချက်တချို့ ဖြေလျှော့ပေးလိုက်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှု ပိုများလာပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ “သုဝဏ္ဏဘူမိလေဆိပ် ကွဲထွက်တော့မယ်” ဆိုတဲ့ စတေးတပ်နဲ့အတူ လေဆိပ်မှာ လူတွေ ပြွတ်သိပ်နေတဲ့ ဓာတ်ပုံတက်လာပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အမှန်တကယ် ဟုတ်၊ မဟုတ် ချနယ်လ် ၇ သတင်းဌာနက သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ် တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာ လဝကရဲမှူးကြီး ချိန်းရွန်း လိမ်းဖဒီက ဟုတ်မှန်ကြောင်း ဖြေကြားခဲ့ပါတယ်။
ရဲမှူးကြီးက အဆိုပါပုံဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီနဲ့ ညနေ ၅ နာရီကြားက မြင်ကွင်းဖြစ်ကြောင်း၊ အဲဒီနေ့က နိုင်ငံခြားကနေ လေယာဉ် ၇၆ စီးဆိုက် ရောက်လာပြီး ၁ နာရီလျှင် အစီးရေ ၂၀ ဆိုက်ရောက်တဲ့အတွက် ဝင်လာတဲ့ခရီးသည်ဦးရေ ၁ နာရီ ကို ၃၀၀၀ မှ ၄၀၀၀ ထိ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ခရီးသည်တွေရဲ့ ပတ်စ်ပို့နဲ့ ဗီဇာတွေ အလျဉ်မီစစ်ဆေးပေးဖို့ ဝန်ထမ်းအင်အားတွေ တိုးချဲ့ခဲ့ရကြောင်း၊ APEC အစည်းအဝေးကာလ မသမာသူတွေ ခရီးသွားအသွင်နဲ့ ဝင်ရောက်လာမှာကို ကာကွယ်ဖို့နဲ့ ကော်လ်စင်တာ လိမ်ညာမှုနှိမ်နင်းရေးကြောင့် ဝင်လာသူတိုင်းကို Biometric စနစ်နဲ့စစ်ဆေးပြီး Blacklist နာမည်ပျက်စာရင်း သွင်းခံထားရသူတွေရဲ့ ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြောင်း၊ စစ်ဆေးမှုကာလ လူတဦးလျှင် ၄၅ စက္ကန့်သာ ကြာမြင့်တယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။
ခရီးသွားဧည့်သည်တွေ သွားလာရ အဆင်ပြေစေဖို့ မူလက လူသွားလမ်းစင်္ကြန် ၉၂ လမ်းကိုလည်း ၁၁၂ လမ်းထိ တိုးချဲ့လိုက်ကြောင်း၊ လူဦးရေပြွတ်သိပ်မှုမရှိအောင် လေဆိပ်မှာ ၁ နာရီလျှင် ၆၅၀၀ ဦးထက်မပို လက်ခံပြီး ပတ်စပို့ကြိုတင်ထုတ်ထားကာ တန်းစီဝင်တဲ့စနစ် ကျင့်သုံးနေတယ်လို့ ဆို ပါတယ်။
ခရီးသွားဧည့်သည်တွေဟာ ပျမ်းမျှ တနေ့ကို ၄၅၀၀၀ မှ ၅၀၀၀၀ ထိ ဝင်ရောက်လာကြောင်း၊ ရှေ့ဆက် High Season မှာ ဒိထက်ပိုမိုများပြားလာနိုင်ပြီး ဒါဟာ ကိုဗစ် အလွန် ထိုင်းနိုင်ငံစီးပွားရေးအတွက် ကောင်းမွန်တဲ့ အလားအလာပဲလို့ ရဲမှူးကြီးက ပြောသွားပါတယ်။
ချနယ်လ် ၃ သတင်းမှာလည်း ဒီနှစ် ကိုဗစ်-၁၉ စည်းကမ်းဖြေလျှော့တဲ့နောက် နိုင်ငံခြား ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂၀၂၁ ထက်စာရင် ၃ ဆ မြင့်တက်လာကြောင်း၊ စစ်တမ်းတွေအရ ၂၀၂၁ ခုနှစ်က ၃၈ ၂၉၂ ၉၆၉ (၃၈ သန်းကျော်) ဝင်ရောက်ခဲ့ပြီး ဒီ ၂၀၂၂ ခုနှစ်မှာတော့ ၁၃၅ သန်းကျော် ဝင်ရောက်ကြောင်း၊ အဲဒီထဲမှာ နေ့ချင်းပြန်တွေလည်းရှိပြီး ထိုင်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ အများဆုံးလာရောက်လည်ပတ်ကြတယ်လို့ ဆိုပါတယ်။ များပြားလှတဲ့ ဧည့်သည်တွေကို အိမ်ရှင်ကောင်းပီသစွာ လက်ခံကြိုဆိုဖို့ သင်တန်းတွေလည်း တိုးချဲ့ဖွင့်လှစ်နေတယ်လို့ သတင်းမှာဖော်ပြသွားပါတယ်။
ကိုးကား - news.ch7.com/ www.immigration.go.th