close

ဖမ်းဆီးခံရသည့် ဒုတပ်ရင်းမှူး၏ဇနီးအား ကယ်တင်နိုင်ခဲ့ဟု စစ်ကောင်စီ ကြေညာ

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက အမည်မသိ လက်နက်ကိုင် ၃ ဦးရဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ခလက-၄၈ တပ်က ဒုတပ်ရင်းမှူးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ညနေပိုင်းမှာ ပြန်ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ဝိပဿနာလမ်းမှာရှိတဲ့‌ အောင်ဆင်မင်း လက်ဖက်အကြော်စုံ လုပ်ငန်းမှာ ဖမ်းဆီး‌ခေါ်ဆောင်ခံခဲ့ရတဲ့ ဒုတပ်ရင်းမှူးရဲ့ ဇနီးဖြစ်သူကို မြိုင်မြို့နယ်ထဲက ကျောက်ဆောက်တမံ ရှင်းလင်းဆောင်မှာ ပြန်တွေ့ခဲ့တာဖြစ်ပြီး ဖမ်းခေါ်သွားတဲ့ အဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူဟာ ခလရ-၄၈ က ဒုတပ်ရင်းမှူး အဆင့်ရှိသူရဲ့ ဇနီးဖြစ်တာကြောင့် စစ်ကောင်စီဘက်က ရဟတ်ယာဉ်သုံးပြီး ကွန်မန်ဒိုတပ်ဖွဲတွေနဲ့ ရှာဖွေခဲ့ကာ နာရီပိုင်းအကြာမှာပဲ ပြန်လည်ကယ်တင်ခဲ့တာလို့ ရေးထားပါတယ်။

အဆိုပါအမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတုန်းက ဆွဲကြိုး၊ နားကပ်နဲ့ လက်ကိုင်ဖုန်း ၈ လုံးကိုပါ လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားတယ်လို့ စစ်ကောင်စီဘက်က သတင်းလွှင့်ပေမဲ့ လာရောက်ဖမ်းဆီးသွားတဲ့ CCTV မှတ်တမ်းမှာတော့ အဲဒီလို ယူဆောင်သွားတာကို မတွေ့ရပါဘူး။

အောင်ဆင်မင်း လက်ဖက်အကြော်စုံ လုပ်ငန်းကတော့ လုံခြုံရေးအခြေအနေအရ ဆိုင်ပိတ်ထားတယ်လို့လည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ကြေညာထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up