close

ရေစကြိုနှင့် ပခုက္ကူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကန်တော်ရွာကို ပျူစောထီးများ မီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၁၃ ရက် ညနေ သုံးနာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရေစကြိုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇီးတောကျေးရွာက ပျူစောထီးခေါင်းဆောင် ဝင်းမြင့်အောင်ဆိုသူ ဆေးကုသနေတဲ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“မြို့ပေါ်ဆိုတော့ အရမ်းမကြာပါဘူး။ ကျနော်တို့ ၁၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့မျက်စိရှေ့မှာ ကျသွားတာတော့ စစ်သားနှစ်ယောက်ပါ။ နောက်ထပ်တယောက်ကတော့ ဒဏ်ရာရပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရေစကြိုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရေစကြိုပြည်သူ့ဆေးရုံမှာ ဆေးရုံတက်ကုသနေတဲ့ ပြည်သူတွေမရှိဘဲ စစ်တပ်အသိုင်းအဝိုင်းက သူတွေသာ လာတက်ကြတယ်လို့ ပြောပါတယ်။

ဆေးရုံမှာ အာဏာသိမ်းစစ်တပ်က စစ်သားတွေ တပ်စွဲထားတဲ့ တနှစ်ကျော်ကြာပြီဖြစ်ပြီး ဒဏ်ရာရစစ်သားတွေကို ပို့ဆောင်ကုသတဲ့ ဆေးရုံလည်း ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းေဒသကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ရဟတ်ယာဥ် Mi35 အသုံးပြုပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ အရှေ့ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရှေ့ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ကျနော်တို့က အဝေးကနေ လက်နက်ကြီးနဲ့ပစ်တာပါ။ လက်နက်ငယ်ကတော့ သူတို့ အပင်ပေါ်တက်တာမြင်တော့ လက်နက်ငယ်နဲ့ပစ်တာပါ။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အပင်ပေါ်တက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တဲ့ စစ်သားနှစ်ဦး ကျည်ထိမှန်ပြီး ဆေးရုံမှာ ဆေးကုသနေတယ်လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ King Cobra (PDF)၊ Urban Underground Revolution Force-(UURF)၊ Yesagyo Revolution Group-(YRG)၊ Southern YSO (PDF)၊ ညီနောင်သုံးဖော်၊ ဒေါင်းညီနောင်၊ ကျေးလက်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့နယ်၊ ကန်တော်ရွာက နေအိမ် ၁၀ လုံးကျော်ကို နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ပျူစောထီးတွေ မီးရှို့သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကန်တော်ကျေးရွာက မသင်္ကာတဲ့နေအိမ်တွေကို ပျူစောထီးတွေက မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကန်တော် မီးရှို့ခံရတာက ၂ ခွဲလောက်က။ ညနေ ၄ နာရီလောက်ကျ မီးငြိမ်းသွားပြီ။ အိမ်နည်းနည်းပဲလောင်တော့ ရွာသားတွေ အချိန်မီ ပြန်ငြှိမ်းနိုင်တယ်။ သူတို့က ရှို့ပြီး ပြန်သွားတာ။”

ကန်တော်ကျေးရွာကို မီးလာရှို့တဲ့ ပျူစောထီးအဖွဲ့ဝင်တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားခဲ့ပြီး ပြန်လွတ်လာပြီးတဲ့နောက် အခုလို ကျေးရွာကနေအိမ်တွေကို လာရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up