အယ်လ်ဘေးနီးယားတွင် ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

အယ်လ်ဘေးနီးယားနိုင်ငံမှာ အဂတိလိုက်စားမှု၊ ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး နိုင်ငံထဲကနေ ထွက်ခွာသူဦးရေ တိုးများလာတဲ့အရေး ဆန့်ကျင်ဆန္ဒပြဖို့ သောင်းနဲ့ချီတဲ့လူတွေ နိုဝင်ဘာ ၁၂ ရက်က စုဝေးခဲ့ကြပါတယ်။
ဝန်ကြီးချုပ် အီဒီရာမာရဲ့ ရုံးခန်းရှေ့မှာ အတိုက်အခံ ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
သုံးနာရီလောက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီးတဲ့နောက် ဆန္ဒပြသူတွေဟာ အစိုးရအဆောက်အအုံ ပတ်ဝန်းကျင်ရှိ ရဲအတားအဆီးတွေကို ဖြတ်ကျော်ရင်း အနီရောင်နဲ့ အနက်ရောင်ဆေးတွေနဲ့ ပက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတဦးကို ရဲက ဖမ်းဆီးခဲ့ပြီး တခြားသူတွေကတော့ ရဲအချုပ်မှာ သေဆုံးခဲ့တဲ့ အမျိုးသားနှစ်ယောက်အတွက် အမှတ်ရဖို့ ဖယောင်းတိုင်မီး ထွန်းထားကြပါတယ်။
ဗြိတိန်ကိုရောက်လာတဲ့ အယ်လ်ဘေးနီးယန်း နိုင်ငံသားအရေအတွက် တိုးမြင့်လာတာကို ရည်ညွှန်းပြီး “လွန်ခဲ့တဲ့ ၃၂ နှစ်ကလိုပဲ ကမ္ဘာကြီးက ကျနော်တို့ကို လှေငယ်တွေနဲ့ ရောက်လာတယ်လို့ မြင်နေပါတယ်” လို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဆာလီ ဘာရီရှာက ပြောပါတယ်။
အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကူးတဲ့ ရွှေ့ပြောင်းအခြေချသူတွေ အယ်လ်ဘေးနီးယန်း နိုင်ငံသားတွေ များလာနေပြီး တချို့က ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဗြိတိန်ဝန်ကြီးတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် မေလမှာ ဒေသန္တရ ရွေးကောက်ပွဲတွေမတိုင်မီ ကြိုးပမ်းမှုအဖြစ် အယ်လ်ဘေးနီးယား ဆန္ဒပြမှုကို ရှုမြင်ထားကြပါတယ်။
အရင်က သမ္မတနဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဘာရီရှာဟာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံဆီ ပြည်ဝင်ခွင့်ကို ၂၀၂၁ ခုနှစ်မှာ တားမြစ်ခံခဲ့ရပါတယ်။ သူကတော့ ဘယ်အမှားမှ မလုပ်ထားဘူးလို့ ငြင်းထားပါတယ်။