close

မော်လမြိုင် ပစ်ခတ်မှုတွင် PDF ရဲဘော် ၅ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၃) ရပ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း PDF ရဲဘော် ၅ ဦး လက်နက်နဲ့တကွ ဖမ်းဆီးခံလိုက်ရတယ်လို့ အထူးမြေအောက်လှုပ်ရှားမှုအင်အားစုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဇေယျာ (၃)ရပ်ရှိ နေအိမ်တလုံးမှာ PDF ရဲဘော်တွေ ရောက်ရှိနေကြောင်း ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ လာရောက်စီးနင်းစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးသားဖြစ်သူ ဦးဟိန်းကိုဦးတို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူ ဦးဟိန်းကိုဦးဟာ ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာရရှိပြီး မော်လမြိုင်စစ်ဆေးရုံမှာ တက်ရောက်ကုသစဉ် သေဆုံးသွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

သေနတ်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောာင်စီတပ်ဖွဲ့ ၂ ဦးကလည်း မော်လမြိုင်စစ်ဆေးရုံမှာ တက်ရောက်ကုသနေပြီး အဲဒီထဲက တဦးကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က တပ်အင်အား ၁၀၀ ကျော် အသုံးပြုပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် PDF ရဲဘော် ၅ ဦးဟာ လက်နက်ငယ် ၃ လက်နဲ့အတူ ဖမ်းဆီးခံလိုက်ရတာပါ။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ဆိပ်ရပ်ကွက် အပါအဝင် ရပ်ကွက်တချို့မှာ တအိမ်တက်ဆင်း ဧည့်စာရင်း စစ်ဆေးတာနဲ့ မသင်္ကာတဲ့သူတွေကို ဖုန်းစစ်တာတွေပါ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ မော်လမြိုင်မြို့ပေါ်မှာ လုံခြုံရေး တင်းကြပ်ထားပြီး မြို့အဝင်အထွက်နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာတော့ အခုဖြစ်စဉ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ကြား ပထမဦးဆုံး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up