close

ပုဏ္ဏားကျွန်း၌ နာရေး သင်္ဂြိုဟ်ချိန် ၁ နာရီသာ စစ်ကောင်စီ ခွင့်ပြု

ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီက နာရေးတွေကို သင်္ဂြိုဟ်ချိန် တနာရီသာခွင့်ပြုသလို ကားတွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုတာကြောင့် နာရေးအသုဘချဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့ပေါ်က နာရေးနှစ်ခုကို သင်္ဂြိုဟ်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ခွင့်ပြုချက်တင်ရပြီး သူတို့ အချိန်တနာရီသာ ခွင့်ပြုတာကြောင့် နာရေးနှစ်ခုလုံးကို အလျင်စလို ပြုလုပ်ခဲ့ရတယ်လို့ ကူညီဆောင်ရွက်ခဲ့သူတဦးက ပြောပါတယ်။

“ကျနော်တို့မြို့က အခု အသုဘချဖို့တောင် ထွေအုပ်ဆီက ခွင့်ပြုချက်ရမှ ချရတဲ့အထိ အခြေအနေက ဖြစ်နေတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့ကဆိုရင် မြို့ပေါ်က နာရေးတခုကို အသုဘချဖို့အတွက် ထွေအုပ်ဆီမှာ ခွင့်ပြုချက်ရပြီး အချိန်တနာရီသာ ရမယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အသုဘချတဲ့အခါမှာလည်း နာရေးကားနဲ့ အရေးပေါ်လူနာတင်ယာဥ် ၃ စီးကိုသာ ခွင့်ပြုမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် မိသားစုတွေတောင် အစုံအလင် လိုက်ခွင့်မရဘဲ အဲဒီတနာရီအတွင်းမှာ အလျင်စလို သင်္ဂြိုဟ်လိုက်ရတယ်။”

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ နာရေးတွေကို အရင်က စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးမှာ ခွင့်ပြုချက်တင်စရာမလိုဘဲ လွတ်လပ်စွာ ချခွင့်ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီ ရိက္ခာတင်ယာဥ် ၃ စီးကို အေအေက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ နဲ့ ထိုးစစ်ဆင်နေတာတွေ ရှိပါတယ်။

နိုဝင်ဘာ ၁၀ ရက် ညကလည်း ပုဏ္ဏားကျွန်းအခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၅၀ တပ်ရင်းက ဆင်အင်းကြီးကျေးရွာက အရပ်သား ၉ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို လူနေအိမ် ၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်မှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံသောင်းချီ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up