close

ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုများ လေ့လာသုံးသပ်ချက် (အုပ်စု B)

ကာတာနိုင်ငံမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲက အုပ်စု B မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းတွေထဲကတစ်သင်းဖြစ်တဲ့ အင်္ဂလန်ဟာ ဝေးလ်၊ အမေရိကန်နဲ့ အီရန်အသင်းတို့နဲ့ တွေ့ဆုံပါတယ်။

အင်္ဂလန်

အင်္ဂလန်ဟာ အုပ်စုတွင်း အင်အားအတောင့်ဆုံးအသင်းပီပီ နောက်တဆင့်တက်ဖို့ ရေပန်းစားမှုမှာလည်း ရာခိုင်နှုန်း အမြင့်မားဆုံး ဖြစ်နေတယ်။ ဒါပေမဲ့ လတ်တလောရလဒ်ကို ကြည့်ရင်တော့ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း အရှည်လျားဆုံး နိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတယ်။ အဓိကပြိုင်ပွဲကြီး မကစားခင်မှာ အဆိုးရွားဆုံးရလဒ်ဖြစ်ပြီး နည်းပြ ဆောက်ဂိတ်အတွက် စိုးရိမ်စရာဖြစ်တယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်တွေကို ပြန်ကြည့်ရင်တော့ သွင်းဂိုး ၃၉ ဂိုးနဲ့ ပေးဂိုး ၃ ဂိုးသာရှိခဲ့တဲ့ စွမ်းဆောင်ရည်ဟာ အကောင်းဆုံးဖြစ်ခဲ့တယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဟာရီကိန်းက အင်္ဂလန်အသင်းကို ဦးဆောင်မှာဖြစ်ပြီး မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ ဖိုဒန်၊ အာဆင်နယ်ကြယ်ပွင့် ဆာကာတို့က စောင့်ကြည့်ချင်စရာကောင်းတဲ့ တိုက်စစ်အတွဲအဖက် ဖြစ်လာနိုင်တယ်။ ဒါ့အပြင် ဒေါ့မွန်နဲ့ လိဂ်မှာကော ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြခဲ့တဲ့ ဘယ်လင်ဂမ်ဟာလည်း ဒီပြိုင်ပွဲမှာ နောက်ထပ်တဆင့် တက်လှမ်းနိုင်မယ့်သူလို့ ချီးကျူးနေကြပေမဲ့ ခံစစ်နဲ့ ဂိုးသမားနေရာကတော့ လူပြောအများဆုံးကိစ္စ ဖြစ်နေတယ်။

နည်းပြ ဆောက်ဂိတ်အနေနဲ့ လူမှန်နေရာမှန် ပွဲထွက်ကစားနိုင်ဖို့ လိုအပ်ပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေက စွမ်းဆောင်ရည်ကို ဆက်ပြီး ယုံကြည်နေမယ်ဆိုရင်တော့ အံ့အားသင့်စရာရလဒ်တွေ ထွက်ပေါ်သွားနိုင်ပါတယ်။  ကမ္ဘာ့အဆင့် ၅ အင်္ဂလန်အနေနဲ့ အဖွင့်ပွဲမှာ ဥရောပထွက်ကစားနေတဲ့ ကစားသမားတွေရှိတဲ့ အီရန်နဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပြီး လူမှန်နေရာမှန် ပွဲထွက်စေပြီး မဖြစ်မနေ နိုင်ပွဲရယူထားဖို့ လိုအပ်ပါလိမ့်မယ်။

အီရန်

ဥရောပထွက်ကစားနေတဲ့ ကစားသမား ၁၃ ဦး ပါဝင်နေတဲ့ အီရန်ဟာ ဒီဘက်နှစ်ပိုင်းအတွင်းမှာ သတိထားရမယ့်အသင်း ဖြစ်လာပါတယ်။ ကမ္ဘာ့အဆင့်အရ အာရှတိုက်ရဲ့ နံပါတ်တစ်နေရာမှာရှိနေတဲ့ အီရန်ဟာ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၆ ကြိမ်မှာတော့ အုပ်စုအဆင့်ကနေ တကြိမ်တခါမှ တက်ရောက်ဖူးခြင်း မရှိခဲ့ပါဘူး။ ခြေစစ်ပွဲအဆင့်မှာ အုပ်စုပထမနေရာကနေ တိုက်ရိုက်ခြေစစ်ပွဲ အောင်လာခဲ့ပေမဲ့ ကမ္ဘာ့ဖလား မှတ်တမ်းမှာတော့ သွင်းဂိုး ၉ ဂိုးသာရခဲ့ပြီး ရဂိုးနဲ့ ပေးဂိုးအချိုးမှာ အနိမ့်ဆုံးအသင်း ဖြစ်လို့နေတယ်။ ဒါပေမဲ့ လက်ရှိလူစာရင်းအရ ပေါ်တိုတိုက်စစ်မှူး တာရီမီ၊ လီဗာကူဆင်တိုက်စစ်မှူး ဇီဒါးအက်ဇ်မူနာတို့က ပြိုင်ဘက်ခံစစ်တန်းကို အလုပ်ရှုပ်စေနိုင်တယ်။ အစဉ်အလာအရ မှတ်တမ်းကောင်းတွေ ရေးထိုးနိုင်ဖို့ လိုအပ်နေသေးတဲ့ အီရန်အသင်းဟာ ဥရောပရောက် ကစားသမားတွေ များပြားလာမှုနဲ့အတူ ဒေသတွင်း အာရှမြေပြင်မှာ မထင်မှတ်တာတွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။

အမေရိကန်

ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ကမ္ဘာ့ဖလားမှတ်တမ်း ၁၀ ကြိမ်မှာ ၅ ကြိမ် နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အမေရိကန်ဟာ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တဲ့ ၁၉၃၀ ဥရုဂွေး ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ ၂၀၀၂ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ခဲ့တာက အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့တယ်။ အမေရိကန်ဟာ ခြေစွမ်းထက် ကစားသမားတွေ ပိုများလာပေမဲ့ ခြေစစ်ပွဲအဆင့်မှာတော့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့နောက် တတိယနေရာကနေ ခြေစစ်ပွဲအောင်လာခဲ့တာ ဖြစ်တယ်။ အချက်အလက်တွေအရ နောက်တဆင့်တက်ဖို့ ၄၆ ဒသမ ၇၇ ရာခိုင်နှုန်းရှိတဲ့ အမေရိကန်ဟာ အုပ်စုပွဲစဉ်တိုင်းမှာ အကောင်းဆုံး ယှဉ်ကစားနိုင်စွမ်းတော့ ရှိနေတယ်။ ခရစ္စတီယန်ပူလီဆစ်၊ မက်ကမ်နီ၊ တိုင်လာအဒမ်၊ အာရွန်ဆန်တို့ ပါဝင်နေတဲ့ အမေရိကန်ဟာ နောက်တဆင့်တက်ဖို့ ဆိုရင်တော့ နောက်ဆုံး ၅ ပွဲမှာ တပွဲပဲအနိုင်ရခဲ့တဲ့ လတ်တလောရလဒ်တွေကို ပြောင်းပြန်လှန်နိုင်ဖို့ လိုအပ်နေပါတယ်။

ဝေးလ်

၁၉၅၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ဝေးလ်အသင်းဟာ ဂါရတ်ဘေးလ်နဲ့ အာရွန်ရမ်ဆေးတို့အပြင်  ဒန်နီယယ်ဂျိမ်းစ်၊ ဘင်ဒေးဗီးစ်၊ ဟယ်ရီဝီလ်ဆင် တို့ကိုလည်း ပိုင်ဆိုင်ထားပြီး နောက်တဆင့်တက်ဖို့ မျှော်လင့်ခွင့်ရှိနေတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ သွင်းဂိုး ၁၃ ဂိုး ရရှိခဲ့တဲ့ ဝေးလ်အသင်းမှာ ဂါရတ်ဘေးလ်နဲ့ ရမ်ဆေးတို့ရဲ့ ပါဝင်ပတ်သက်မှုက ၉ ဂိုးအထိရှိနေပြီး သူတို့အပါ် မှီခိုလွန်းတာကို လျှော့ချနိုင်ဖို့တော့ လိုအပ်နေတယ်။ နောက်တဆင့်တက်ဖို့ ၄၂ ဒသမ ၀၉ ရာခိုင်နှုန်း သတ်မှတ်ခံထားရပြီး ဝေလသားတွေအတွက် ပွဲစဉ်တိုင်းက အရေးပါနေပါတယ်။

ဝဏ္ဏကို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up