close

အင်းစိန်ထောင် ဗုံးခွဲသူ ၂ ဦးဖမ်းမိဟု စစ်ကောင်စီ ထုတ်ပြန်

ရန်ကုန်၊ အင်းစိန်ထောင်အကျဉ်းထောင်  အဝင်အထွက်ဂိတ်က ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့နေရာမှာ အောက်တိုဘာ ၁၉ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဖမ်းမိထားပြီလို့ စစ်ကောင်စီပြန်ကြားရေးက  နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လူ ၈ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ ဖမ်းမိထားသူတွေဟာ Special Task Agency of Burma ( STA ) အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုကောင်းထက် (ခ) ဖိုးစီနဲ့ သူ့ရဲ့ ဇနီး မချမ်းမြေ့သူ (ခ) ဂျူးဂျူး တို့ကို အရှေ့ဒဂုံမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖောက်ခွဲမှုမှာဆက်စပ်သူ နှစ်ဦးဖြစ်တဲ့ 'စွန်ရဲ'ဆိုသူနဲ့ 'ကျော်ဟိန်း' ဆိုသူတို့ကိုတော့ ဖမ်းမမိဘဲ စစ်ကောင်စီက ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဖောက်ခွဲမှုကို ကိုကောင်းထက်နဲ့ ကျော်ဟိန်းတို့က ပါဆယ်ပုံးပြုလုပ်ဖို့ မုန့်၊ တစ်ရှုးတွေထည့်ပြီး ပုံးတွေထဲမှာ လက်လုပ်မိုင်း တပ်ဆင်ခဲ့ကာ ကိုကောင်းထက်က မြင့်မိုရ်လမ်းထဲကနေ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ဂျူးဂျူးက ထောင်ရှေ့ မုန့်ဟင်းခါးဆိုင်ကနေ ပေါက်ကွဲမှု ရုပ်သံ ရိုက်‌ပေးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေဘက်က ပြန်လည် တုံ့ပြန် ပြောဆိုနိုင်တဲ့ အခွင့်အရေးမရရှိသလို စစ်ကောင်စီက ဓာတ်ပုံနဲ့ တကွဖော်ပြထားသူတွေဟာ အမှန်တကယ် ဗုံးဖောက်ခွဲသူတွေ ဟုတ်မဟုတ်တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

ရန်ကုန်မြို့က UG တွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ Mission မဖော်ဆောင်ခင်မှာ သတင်းအရင်းအမြစ်အခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေ ရှိနေပြီး ဖော်ဆောင်ပြီးချိန်မှာလည်း မြို့ပေါ်မှာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ သတင်းပေးအန္တရာယ်နဲ့ CCTV တွေကို ကြည့်ရှောင်နေထိုင်နေကြရပြီး ဖမ်းဆီးခံနေရမှုတွေရှိလာတယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ခံ ဗိုလ်အက္ခရာက ပြောပါတယ်။

အင်းစိန်‌ထောင်ပေါက်ကွဲမှု ဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ STA အဖွဲ့က ဖောက်ခွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ပေါက်ကွဲမှုကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

အဆိုပါ ဖြစ်စဉ်မှာ အကျဉ်းထောင် မျှော်စင်ပေါ်ကနေ  လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်လို့ ထောင်ဝင်စာ လာပို့တဲ့  နိုင်ငံအကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက အင်းစိန်ထောင်ဖောက်ခွဲမှု ဖြစ်စဉ်မှာ ဖမ်းမိထားသူတွေကို အင်းစိန်မြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up