close

တရုတ်ဝယ်လက် မရှိသဖြင့် မြန်မာ့ဖရဲသီးဈေးကွက်ပျက်

တရုတ်-မြန်မာနယ်စပ်၊ ဝမ်တိန်ဘက်ခြမ်း ချန်ဟော့် သစ်သီးအရောင်းကွင်းမှာ မြန်မာဘက်ခြမ်းက လတ်တလော တင်ပို့လိုက်တဲ့ ဖရဲသီးတွေကို လာရောက်ဝယ်ယူတဲ့ ဝယ်လက်တွေ မရှိသလောက် ဖြစ်နေတာကြောင့် ဖရဲဈေးကွက်ပျက်နေကြောင်း ‌ဖရဲသီးတင်ပို့တဲ့ ကုန်သည်တွေက ပြောပါတယ်။

သစ်သီးကုန်သည်တယောက်က “ဈေးကွက်ပြန်ပျက်သွားပြီလား ဆိုတော့ အကုန်လုံးက ဝယ်တဲ့သူတွေက မလာ။ အဝယ်တော် နှစ်ယောက်ပဲရှိတယ်။ ဒါကြောင့်မို့ ဈေးတွေက မကောင်းတာ” လို့ ပြောပါတယ်။

ပုံမှန်ဆိုရင် အခုလိုချိန်မှာ ဖရဲက ၁ ကီလိုဂရမ်ကို ၃ ဒသမ ၅ ယွမ်ကနေ ၄ ယွမ်အထိ၊ သခွားမွှေးဆိုရင် ၁ ကီလိုဂရမ်ကို ၅ ဒသမ ၅ ယွမ်ကနေ ၆ ယွမ်အထိ ဈေးရနေပြီဖြစ်ပေမဲ့ လက်ရှိတော့ ဈေးမရတဲ့အပြင် ဝယ်လက်တွေတောင် မလာဘူးလို့ ဆိုပါတယ်။

လက်ရှိ အရောင်းကွင်းမှာ ရောင်းချနေတဲ့ ကုန်သည်တယောက်က  “ဖရဲသီးဆိုရင် ခုချိန်မှာ ၃ ယွမ်ခွဲ၊ ၄ ယွမ် ဖြစ်နေရမှာလေ ပုံမှန်ဆိုရင်။ သခွားမွေးဆို ၅ ယွမ်ခွဲ၊ ၆ ယွမ် အဲလောက် ဖြစ်နေရမှာလေ။ အခုတော့ မဖြစ်ဘူး” လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၁၄ ရက်မှာတော့ အဲဒီ တရုတ်ဘက်ခြမ်းက အရောင်းကွင်းမှာ ဖရဲဈေးကွက် ပျက်နေတာကြောင့် အရောင်းဈေးတောင် မသိရဘူးလို့ ဆိုပါတယ်။

“တရုတ်ဘက် ဖရဲအဝယ်ဝောာ် နည်းနေပါသေးတယ်” လို့ အဆိုပါကုန်သည်က ပြောပါတယ်။

လက်ရှိဖြစ်ပေါ်‌နေတဲ့ ဖရဲဈေးကွက် အခြေအနေကြောင့် တောင်သူတွေအနေနဲ့ ကုန်သည်တွေဆီက သတင်း နေ့တိုင်း နားစွင့်ဖို့လိုတယ်လို့ သူက‌ေပြာပါတယ်။

မနေ့က ဖရဲကားတွေက A ဇုန်ထဲမှာတင် သောင်တင်နေသေးတာကြောင့် ၁၀၅ မိုင်မှာ ရောက်ရှိနေတဲ့ ဖရဲကားတွေအနေနဲ့ နောက်ကြောင်းပြန်လှည့်မလား၊ မူဆယ်မှာပဲ ချရောင်းမလား ဆိုတာကို စဉ်းစားချင့်ချိန်ဖို့ လိုအပ်တယ်လို့ သစ်သီးကုန်သည်တွေက ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က ဖရဲ ၁ ကီလိုဂရမ်ကို ၁ ဒသမ ၅ ယွမ်နဲ့ ၂ ယွမ်ကျော်ကြား၊ သခွား‌မွှေးဈေးက ၁ ကီလိုဂရမ်ကို ၃ ဒသမ ၅ ယွမ်နဲ့ ၅ ယွမ်ကျော် အရောင်းဈေးပေါက်ပေမဲ့ တရုတ်ပြည်မကြီးဘက်က ဝယ်လက်တွေ ချန်ဟော့်ကွင်းထဲကို မ‌လာကြသေးဘူးလို့ ဆိုပါတယ်။

ဖရဲတောင်သူတယောက်ကတော့ စိုက်ခင်းအတွက် မြေဩဇာတွေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးမြင့်မားလို့ ကုန်ကျစရိတ်များရတဲ့ အပြင် ရောင်းဈေးနိမ့်နေပြီး ပုံမှန်တင်ပို့နေတဲ့ တရုတ်ဘက်လည်း မကြာခဏ ပိတ်တာကြောင့် ရှုံးနေတာ ၃ နှစ်ရှိပြီလို့ ဆိုပါတယ်။

“မြေဩဇာတွေ ဈေးကြီးလို့ တဝက်လောက် လျှော့စိုက်ထားတာ။ အများကြီး မရှုံးပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်။”

တရုတ်ဘက်ခြမ်း ဝမ်တိန်မှာ နိုဝင်ဘာ ၁၃ ရက်က တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၄၁၆ ကျပ် ဈေးပေါက်နေပြီး တရုတ်ငွေ ဈေးကောင်းရနေပေမဲ့ တရုတ်ဘက်ခြမ်းမှာလည်း ကုန်ကျစရိတ် များနေတာကြောင့် ဖရဲ ၁ ကီလိုဂရမ်ကို ၂ ယွမ်ဝန်းကျင်သာ ရောင်းရပါက ဘာမှမကျန်ဘူးလို့ သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up