close

အယ်လ်ဂျာဇီးရားသတင်းထောက် အသတ်ခံရမှု စုံစမ်းစစ်ဆေးရေးတွင် အစ္စရေး မပူးပေါင်း

အစ္စရေးနိုင်ငံဟာ အယ်လ်ဂျာဇီးရားသတင်းထောက် ရှီရင်းန် အဘူအခ်လဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လို ပြင်ပစုံစမ်းစစ်ဆေးမှုတွေနဲ့မှ ပူးပေါင်းမှာမဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘန်နီ ဂန့်ဇ်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

မေလတုန်းက သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းမြို့ ဂျယ်နင်းမြို့မှာ အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှုကို သတင်းယူနေတဲ့ ပါလက်စတိုင်း-အမေရိကန် သတင်းထောက်ဟာ အကာအကွယ်အင်္ကျီနဲ့ ဦးထုပ်ဝတ်ဆင်ထားရင်း အသတ်ခံလိုက်ရမှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီလို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ရှီရင်းန် အဘူအခ်လဲရဲ့ ကံမကောင်းအကြောင်းမလှစွာ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် တရားရေးဌာနရဲ့ ဆုံးဖြတ်ချက်က အမှားကြီးတခုပဲလို့ ဂန့်ဇ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်တရားရေးဌာနနဲ့ FBI တို့က အဲဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ရှီရင်းန် အဘူအခ်လဲ အသတ်ခံရမှု အခြေအနေကို ခုထိ ပြင်းပြင်းထန်ထန် အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

ရှီရင်းန် အဘူအခ်လဲကို အစ္စရေးစစ်သားတဦးဦးက မရည်ရွယ်ဘဲ ပစ်လိုက်မိတာ ဖြစ်နိုင်သလို ပါလက်စတိုင်းတွေကြောင့် သေနတ်မှန်သွားတာလည်း ဖြစ်နိုင်ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာလမှာ ပြောပါတယ်။

ပါလက်စတိုင်းအရာရှိတွေနဲ့ အဘူအခ်လဲရဲ့ မိသားစုကတော့ သူ့ကို အစ္စရေးတပ်ဖွဲ့တွေက တမင်တကာ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ယုံကြည်ထားပြီး သူရပ်နေတဲ့နေရာတဝိုက်မှာ စစ်သွေးကြွတွေ ရှိနေတယ်ဆိုတဲ့ အစ္စရေးရဲ့ ထုတ်ပြန်ချက်တွေကို ပယ်ချခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားမျက်မြင်သက်သေတွေရဲ့ မှတ်တမ်းတွေမှာလည်း အဘူအခ်လဲ အသတ်ခံရချိန်မှာ သူရှိနေတဲ့နေရာကနေ အစ္စရေးတွေ နေရာယူထားတဲ့ဘက်ကို ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

အဘူအခ်လဲရဲ့ သေဆုံးမှုဟာ အထူးသဖြင့် ဂျေရုဆလင်မြို့ရှိ သူ့ရဲ့အသုဘအခမ်းအနားမှာ လာရောက် ဝမ်းနည်းပူဆွေးကြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့ပြီးနောက်မှာ တကမ္ဘာလုံးကို ဒေါသထွက်စေခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် တာဝန်ခံမှုနဲ့ တရားမျှတကို မိသားစုတွေက ဆော်သြနေတာ ၆ လ ကြာလာပါပြီလို့ သူ့ရဲ့တူမဖြစ်သူ လာရီးန် အဘူအခ်လဲက နိုဝင်ဘာ ၁၁ ရက်က တွစ်တာမှာ တင်ထားတဲ့ ဗွီဒီယိုတခုမှာ ပြောပါတယ်။

တနေ့နေ့တော့ ရှီရင်းန်အတွက် တရားမျှတမှုကို မြင်တွေ့ရမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up