close

မော့ကနင် ၁၀၆ တပ်ရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လက်ပစ်ဗုံးဖြင့်ပစ်ခတ်၊ ၂ ဦး သေဆုံး

မွန်​ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင် ၁၀၆ တပ်ရင်းမှာ နိုဝင်ဘာ ၁၂ ရက် မနက်က  စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တာကြောင့် အရာရှိဗိုလ်ကြီးတယောက်နဲ့ တပ်သားတယောက် သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတဦးက “ရေးမြို့နယ်အခြေစိုက် ခမရ ၃၄၃ တပ်ရင်းက ဒုအရာခံဗိုလ် ၁ ဦး နောက်တန်းပြန်ဝင်လာတာ သိပ်မကြာဘူး။ ကမော့ကနင်တပ်ရင်း ၁၀၆ မှာ တပ်ကူအနေနဲ့ လုံခြုံရေးလာယူရတယ်။ နောက်တန်း ပြန်ရောက်လာကာစဆိုတော့ အနားယူချင်တယ်။ သူ့စိတ်ဆန္ဒမရှိဘဲ ၁၀၆ တပ်ရင်းထဲ လုံခြုံရေးယူရင်းနဲ့ပဲ အရက်သောက်ပြီး မူးလာတော့ သူ့မှာပါတဲ့ ဗုံးနဲ့ ပစ်ခတ်လိုက်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်သွားတဲ့ ဒုအရာခံဗိုလ်ဟာ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်တွေ ပိုက်စိပ်တိုက် ရှာဖွေနေခဲ့ပြီး ဖြစ်ပွားတဲ့နေ့မှာပဲ မိခင်တပ်ရင်း ခမရ ၃၄၃ မှာ ပြန်အဖမ်းခံလိုက်တယ်လို့ စစ်တပ်တွင်း သတင်းအရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်သားတွေဟာ ရှေ့တန်းကနေပြန်လာပြီး မနားရဘဲ ထပ်မံ လုံခြုံရေးတွေယူရတာ ရှိလာတာပါ။ တပ်တွင်းမှာ အင်အားတွေမရှိသလို မွန်ပြည်နယ်အတွင်းမှာ  နေ့စားလပေး အလုပ်ပြန်ခန့်ထားတဲ့ စစ်မှုတမ်းအငြိမ်းစား သက်ကြီးပင်စားသမားတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် စစ်ကောင်စီတပ်သားတွေ အထိအနာ များလာတဲ့အတွက် စိတ်ဓာတ်တွေ ပျက်ပြားကျဆင်းလာသလို စစ်တပ်ကနေ စွန့်ခွာပြီး CDM လုပ်သူတွေလည်း အများပြားရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up