close

ကယားပြည်နယ်အစိုးရ စီမံဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ပြန်လွတ်

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးရပေးရာမှာ အန်အယ်ဒီအစိုးရလက်ထက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကယားပြည်နယ်အစိုးရ စီမံနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် အပါအဝင် ၆ ဦး လွိုင်ကော် အကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်မြောက်လာပါတယ်။

ကျန်သူ ၅ ဦးကတော့ စစ်ပြေးလို့  ရဲစည်းကမ်း ပုဒ်မတွေနဲ့ ရေးယူထားတဲ့ ဘောလခဲမြို့နယ်နဲ့ ပဲခူးတိုင်းနေသူတွေဖြစ်ပါတယ်။

ကရင်နီ (ကယား) ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအ ကျဉ်းသား ၂၈၄ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)ဆီက သိရပါတယ်။

“ကျနော်တို့ PKPF မှာ ရှိတဲ့ စာရင်းက ၂၈၀ ဦး၊ ပြီးခဲ့တဲ့အောက်တိုဘာလကုန်အထိက၊ အခုဒီလ  နောက်ထပ် ၄ ယောက်ထပ်တိုးတော့ ၂၈၄ ယောက်ရှိတယ်။ ဒါပေမဲ့ တယောက်ပဲ လွတ်လာတယ်ဆိုတော့ ဒါက မဖြစ်သင့်ဘူးလို့ထင်တယ်။ တခြားတိုင်းနဲ့ ပြည်နယ်က တခြားထောင်တွေမှာဆိုရင် အများအပြား တချို့အကျဉ်းထောင်တွေမှာ ၂၀ - ၃၀ အဲလိုမျိုးရှိတယ်။ ဒါပေမဲ့ ကယားပြည်နယ်မှာ တယောက်ပဲလွတ်တယ်ဆိုတော့ ဒါကတော့ ကယားပြည်နယ်ကို အကျဉ်းထောင်အရ ထပ်ဆင့်ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။” 

ကယားပြည်နယ်အစိုးရ စီမံနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ဟာ စစ်တပ်အာဏာစသိမ်းတဲ့နေ့မှာ တခြား ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအပါအဝင် တခြားဝန်ကြီးတွေနဲ့အတူ ထိမ်းသိမ်းစစ်ဆေးခံရပြီး ပြန်လွတ်လာခဲ့မယ့် ၂၀၂၁ ခု မတ်လမှာထပ်မံဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတာဖြစ်ပါတယ်။ 

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ဖမ်းဆီးခံရသူ ၂၈၀ ရှိပြီး တရားရင်ဆိုင်ဆဲ ၁၀၇ ယောက်ရှိကာ အဲဒီထဲမှာ အမျိုးသမီး ၂၈ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသား ၄ ယောက်နဲ့  အနုပညာရှင်တွေ အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသား  ၅၇၀၀ ကျော်ကို နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့  စစ်ကောင်စီက ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up