ထိုင်းတောင်ပိုင်း ၁၂ ခရိုင်တွင် ရေကြီးမှုသတိပေးချက် ထုတ်ပြန်

ထိုင်းတောင်ပိုင်း ခရိုင်ပေါင်း ၁၂ ခုမှာ လာမယ့်ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်ကြောင်း ထိုင်းအမျိုးသား ‘ရေ’ စီမံခန့်ခွဲရေးဌာနက နိုဝင်ဘာ ၁၈ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာန ခန့်မှန်းချက်အရ လာမယ့် နိုဝင်ဘာ ၂၁ ရက်ကနေ ၂၄ ရက်နေ့ထိ ၄ ရက်တာ ကာလအတွင်း တောင်ပိုင်းဒေသမှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်ပြီး မုတ်သုံမိုး ရွေ့လျားနိုင်ကြောင်း၊ ဒီအခါမှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေကြီးတာတွေ ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထူးသဖြင့် ဖစ်ချ်ဘူရီ၊ ပရကျူပ်ခီရီခန်၊ ရနောင်း၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ ဖန်ငါး၊ ဖူးကက်၊ ကရပိ၊ တရန်း၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆဒွန်း စတဲ့ ခရိုင် ၁၂ ခုက မြို့နယ်ပေါင်း ၇၃ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ သတိထားရမယ်လို့ ဆိုပါတယ်။
မြစ်ချောင်းအင်းအိုင်အနီးနားနဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေ၊ ရေကြီးမှုကြုံလေ့ရှိတဲ့ ဒေသက ပြည်သူတွေအနေနဲ့ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ၂၄ နာရီ မိုးလေဝသ သတင်းထုတ်ပြန်ချက် စောင့်ကြည့်ဖို့၊ ရေစီးဆင်းရာ လမ်းကြောင်းတွေ ကြည့်ရှုစစ်ဆေးပြီး ရေမဝပ်နိုင်အောင် ကြိုတင်ပြင်ဆင်တာ၊ ဆည်မြောင်း တူးမြောင်း ရေလွှတ်တံခါးတွေ စစ်ဆေးပြင်ဆင်တာ၊ အရေးကြီးပစ္စည်းတွေ အမြင့်ကို ရွှေ့ပြောင်းတာ၊ စက်ယန္တရားတွေ အသင့်ပြင်တာ၊ ကယ်ဆယ်ရေးအင်အားတွေ ပြင်ဆင်တာ၊ ဆက်သွယ်ရေးကိရိယာတွေ မပြတ်တောက်အောင် ပြင်ဆင်တာ၊ မိုးရွာရေကြီးမှု အခြေအနေကို စဉ်ဆက်မပြတ် ကြေညာပေးတာ စသဖြင့် အဘက်ဘက်က ကြိုတင်ပြင်ဆင်ဖို့ ‘ရေ’ စီမံခန့်ခွဲရေးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
ကိုးကား - pptvhd