close

နာဆာက လကမ္ဘာလေ့လာရေးယာဥ် Orion ကို အောင်မြင်စွာလွှတ်တင်

Photo : NASA

ဖလော်ရီဒါမှာရှိတဲ့ ကနေဒီ အာကာသစင်တာကနေ နိုဝင်ဘာ ၁၆ ရက် အမေရိကန်စံတော်ချိန် မနက် ၁ နာရီ ၄၇ မိနစ်မှာ အာတီမစ် ဒုံးပျံတပ်ဆင်ထားတဲ့ Orion အာကာသယာဉ်ပျံကို လသွားရာလမ်းကြောင်းဆီ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တယ်လို့ နာဆာက သတင်းထုတ်ပြန်ပါတယ်။

နာဆာရဲ့ အာတီမစ် ၁ မစ်ရှင်က Orion အာကာသယာဉ်မှာပါတဲ့ စနစ်တွေအရ နက်ရှိုင်းတဲ့ အာကာသအတွင်းက အခြေအနေတွေကို ပိုမိုစူးစမ်းလေ့လာနိုင်တဲ့ မြင့်မားတဲ့ နည်းပညာတွေ ပါဝင်ပြီး အာကာသလွှတ်တင်ရေးစနစ် (SLS) ဒုံးပျံနဲ့ မြေပြင်စနစ်တွေ ပထမဆုံး ပေါင်းစပ်ပျံသန်းနိုင်တဲ့ စမ်းသပ်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Orion ဟာ မောင်းသူမဲ့လေယာဉ်အမျိုးအစားဖြစ်ကာ လဆီကို မိုင် ၄၀,၀၀၀ ခန့် မောင်းနှင်ပြီးပါက ၂၅ ရက်အတွင်း ကမ္ဘာပေါ်ကို ပြန်လာဖို့ စီစဉ်ထားတဲ့ မစ်ရှင်တခုဖြစ်ကာ နှစ်ပေါင်း ၅၀ ကျော်ပြီးမှ လဆီကို ထပ်မံ‌လွှတ်တင်နိုင်ခဲ့တဲ့ နာဆာရဲ့ အာကာသမစ်ရှင်လည်း ဖြစ်ပါတယ်။

နာဆာအုပ်ချုပ်ရေးမှူး ဘီနယ်ဆင်က“နာဆာကနေ SLS ဒုံးပျံနဲ့ Orion အာကာသယာဉ်ကို ပထမဆုံးအကြိမ်အနေနဲ့ အတူလွှတ်တင်ခဲ့တာကို မြင်ရတာ မယုံနိုင်စရာ မြင်ကွင်းပါပဲ။ ဒီစမ်းသပ်မှုကနေ Orion နဲ့ နက်ရှိုင်းတဲ့ အာကာသထဲကအထိ တွန်းပို့ပြီး လပေါ်မှာ လူသားတွေရဲ့ လေ့လာရှာဖွေရေးနဲ့ အင်္ဂါဂြိုဟ် လေ့လာနိုင်ရေးအတွက်ပါ အကူအညီရနိုင်မှာပါ” လို့ ပြောပါတယ်။

Orion က နိုဝင်ဘာ ၂၁ ရက်နေ့မှာ လပေါ် လေ့လာရေး စတင်နိုင်မယ်လို့ ‌သိရပြီး လမျက်နှာပြင်ကို နောက်ကြောင်းပြန်လှည့်ပတ်ကာ အဲ့ဒီလမ်းကြောင်းကနေ တည်ငြိမ်တဲ့ ပတ်လမ်းတခုဆီကို မိုင်ထောင်ချီ ဦးတည်ပျံသန်းသွားမယ်လို့ သိရပါတယ်။

နာဆာ တွဲဖက်စီမံခန့်ခွဲရေးမှူး ဂျင်မ် ဖရီးက “ဒီကိုပြန်ရောက်ဖို့ အများကြီး ခက်ခဲပါတယ်။ ဒါပေမဲ့ Orion က လကမ္ဘာကို ရောက်နေပါပြီ။ လူသားတွေရဲ့ အကျိုးအတွက် အာကာသလေ့လာရေးကို အရင်ကထက် စူးစမ်းနိုင်တဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက် အာတီမစ် ၁ လွှတ်တင်မှု မပြုလုပ်ခင်က အာကာသယာဉ်ရဲ့ အပူချိန်အာရုံခံကိရိယာ ချို့ယွင်းမှု၊ ဟိုက်ဒရိုဂျင်အရည်ယိုစိမ့်မှု စတဲ့ နည်းပညာ လိုအပ်ချက်တွေအပြင် ဟာရီကိန်းမုန်တိုင်းတွေ‌ကြောင့် အာတီမစ် ၁ မစ်ရှင်ရဲ့ ဒုံးပျံတွေ လွှတ်တင်ဖို့ ၄ ကြိမ်လောက် ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

အာတီမစ် ၁ မစ်ရှင် အောင်မြင်ပါက ကမ္ဘာမြေကနေ လပေါ်နဲ့ အင်္ဂါဂြိုဟ်တွေအထိ အာကာသယာဉ်မှူးတွေကို ဆက်လက်တင်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပြီး အာတီမစ် ၁ ရဲ့ အောင်မြင်မှုက အရေးကြီးတဲ့မစ်ရှင် ဖြစ်တယ်လို့လည်း နာဆာက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up