close

ကမ္ဘာ့ဖလားအုပ်စုများ လေ့လာသုံးသပ်ချက် (အုပ်စု H)

ဒီအုပ်စုမှာ ကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ရ ဥရုဂွေး၊ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်ခွင့်ရနေကျ တောင်ကိုရီးယား၊ အာဖရိကအသင်းတွေထဲမှာ အောင်မြင်မှုအရှိဆုံးအသင်း ဂါနာတို့နဲ့အတူ စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းတို့ တွေ့ဆုံကြတာဖြစ်တယ်။

ပေါ်တူဂီ

၂၀၀၂ ခုနှစ်ကစတင်ပြီး ကမ္ဘာ့ဖလားတိုင်းမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ဥရောပအသင်း ၅ သင်းသာရှိပြီး ပေါ်တူဂီလည်း ပါဝင်တယ်။ နာမည်ကြီးတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ခြေစွမ်းက အရင်နှစ်တွေကလို အားရစရာမရှိသေးပေမဲ့ နိုင်ငံအသင်းနဲ့ပွဲမှာတော့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်စတားတွေဖြစ်တဲ့ ဖာနန်ဒက်စ်၊ ကန်ဆယ်လို၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ ပေါ်တူဂီဟာ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်း ၈၂ ဒသမ ၆ အထိ သတ်မှတ်ခံထားရတယ်။ အားထားရတဲ့ တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာ မပါနိုင်တာကတော့ အားတခုလျော့စေတယ်ဆိုပေမဲ့ အေစီမီလန်နဲ့ စီးရီးအေချန်ပီယံ ဖြစ်ခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ရာဖေးလ်လီယိုက ပေါ်တူဂီမှာ စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်လာနိုင်တယ်။ နည်းပြ ဆန်းတို့စ်အနေနဲ့ ရော်နယ်ဒိုကို ပွဲထွက်စေမလား၊ လူစားဝင်စေမလား မသေချာသေးပေမဲ့ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒိုတယောက် ခြေကုန်ထုတ်ပြီး ကစားပါလိမ့်မယ်။ ၂၀၀၆ ပြိုင်ပွဲနောက်ပိုင်း ၁၆ သင်း အဆင့်သာ အမြင့်ဆုံးအောင်မြင်မှု ရခဲ့တာဖြစ်လို့ ဒီတကြိမ်မှာ ပေါ်တူဂီအသင်းရဲ့ လုပ်နိုင်စွမ်းကို စောင့်ကြည့်သွားရမှာပါ။

ဥရုဂွေး

ဒီနှစ်ကမ္ဘာ့ဖလားမှာတော့ ဥရုဂွေးအသင်းရဲ့ နည်းပြထိုင်ခုံနေရာမှာ ဝါရင့်နည်းပြကြီး အော်စကာ တာဘာရက်ဇ်ကို မြင်တွေ့ရတော့မှာမဟုတ်ဘဲ နည်းပြသစ် ဒီယေဂို အလွန်ဆိုက သူ့ရဲ့ ပထမဆုံး နိုင်ငံအသင်းနည်းပြ အနေနဲ့ ပထမဆုံးကမ္ဘာ့ဖလားကို ဦးဆောင်သွားရမှာဖြစ်တယ်။ ကာဗာနီ၊ ဆွာရက်ဇ်၊ မူစီလီယာ၊ ဒီယေဂို ဂိုဒင် တို့လို ဝါရင့်ကစားသမားကြီးတွေကို ပြန်လည်မြင်တွေ့ရမှာဖြစ်ပြီး ဒါဝင်နူညက်ဇ်၊ ဗယ်ဗာဒီ၊ ဘန်တန်ကာ တို့က ခြေစွမ်းပြလာမယ့် ကစားသမားတွေအဖြစ် ထင်ကြေးပေးထားကြတယ်။ ၂၀၁၈ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့ ဥရုဂွေးဟာ ဒီနှစ်ပြိုင်ပွဲမှာတော့  အကြိတ်အနယ် ယှဉ်ပြိုင်သွားရဖို့ ရှိနေတယ်။ အချက်အလက်အရတော့ ပေါ်တူဂီပြီးရင် အုပ်စုဒုတိယနဲ့ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်းအများဆုံး သတ်မှတ်ခံထားရပါတယ်။

တောင်ကိုရီးယား

ကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်သာ မပါခဲ့ရင် မျှော်လင့်ချက်မရှိသလောက် ဖြစ်နိုင်ပေမဲ့ ဆွန်ဟာ မျက်လုံးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ အသင်းနဲ့အတူ ပွဲထွက်လာမှာပါ။ တောင်ကိုရီးယားဟာ အာရှတိုက်ကနေ အမြဲတမ်းဝင်ခွင့်ရနေပေမဲ့ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၀၂ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာကလွဲရင် ကျန်ပြိုင်ပွဲ ၉ ကြိမ်မှာ  ၂၀၁၀ ပြိုင်ပွဲတကြိမ်ပဲ အုပ်စုအဆင့်ကို ကျော်လွန်ခဲ့ဖူးပါတယ်။ ပြိုင်ပွဲ ၁၀ ကြိမ်မှာ ၃၄ ပွဲကစားခဲ့ပြီး ၆ ပွဲသာအနိုင်ရခဲ့လို့ နိုင်ပွဲရနိုင်တဲ့အချိုးက ၁၈ ရာခိုင်နှုန်းသာရှိပြီး အနိမ့်ဆုံးအသင်း ဖြစ်လို့နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာရှမြေမှာ ကံကောင်းတတ်တဲ့ ကိုရီးယားဟာ အခုနှစ် ကာတာကမ္ဘာ့ဖလားမှာလည်း အုပ်စုတက်ဖို့အတွက် ပွဲစဉ်တိုင်းမှာ ရုန်းကန်ကစားသွားပါလိမ့်မယ်။

ဂါနာ

ဂါနာဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရဖို့ နီးစပ်ခဲ့ပေမဲ့ ဆွာရက်ဇ်ကြောင့်ရတဲ့ ပင်နယ်တီကို ဂိုးဝင်အောင်မသွင်းနိုင်ခဲ့သလို ပင်နယ်တီမှာလည်း ဥရုဂွေးကို ရှုံနိမ့်ခဲ့ရလို့ မှတ်တမ်းသစ်တခုနဲ့ လွဲချော်ခဲ့ရတာဖြစ်တယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂါနာနဲ့ ဥရုဂွေးတို့က တကျော့ပြန် တွေ့ဆုံကြမှာဖြစ်ပြီး ၂၀၁၀ တုန်းက အဖြစ်အပျက်ကို ပြန်လည်သတိရစရာ ဖြစ်လိမ့်မယ်။ ဘီလ်ဘာအိုတိုက်စစ်မှူး အီနာကီဝီလီယံကို ရွေးချယ်ထားသလို ဂျော်ဒန်အယူး၊ သောမက်စ်ပါတေးတို့နဲ့ စုဖွဲ့မှုမဆိုးပေမဲ့ ဥရုဂွေးနဲ့ ပေါ်တူဂီတို့ကို ယှဉ်နိုင်ဖို့တော့ ခက်ခဲနိုင်တယ်။ အုပ်စုအဖွင့်ပွဲစဉ်မှာ ပေါ်တူဂီနဲ့ ထိပ်တိုက်တွေ့နေပြီး အချက်အလက်တွေအရတော့ နောက်တဆင့်တက်ဖို့ ၂၆ ရာခိုင်နှုန်းကျော်ပဲ သတ်မှတ်ခံထားရတယ်။ ဒါဟာ  တောင်ကိုရီးယား (၂၉ ဒသမ ၁ ရာခိုင်နှုန်း) ထက်တောင် နည်းပါးနေတာဖြစ်ပါတယ်။

ဝဏ္ဏကို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up