close

ရေးမြို့နယ်မြောက်ပိုင်းဒေသရှိ စာသင်ကျောင်းများ ပြန်ဖွင့်ရန် စစ်ကောင်စီတပ် ဖိအားပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက စာသင်ကျောင်းတွေ ပိတ်ထားရာကနေ ပြန်လည်ဖွင့်ကြဖို့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၈ ရက်မနက်မှာ စာသင်ကျောင်းတွေကို​ လာရောက်စစ်ဆေးသွားပြီး ဖိအားပေးသွားတယ်လို့ ပညာရေးနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

လာမယ့်တနင်္လာနေ့မှာ လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ဘုံ စတဲ့ ရေးမြောက်ပိုင်းက စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်သွားရန် လုံခြုံရေးကိုလည်း စစ်ကောင်စီတပ်ဘက်က ယူပေးသွားမယ်လို့ ပြောဆိုခဲ့တယ်လို့ ပညာရေးနဲ့နီးစပ်တဲ့သူတွေက ဆိုပါတယ်။

ကျောင်းသားမိဘတဦးက “ကျောင်းပညာရေးဝန်ထမ်းတွေအပါအဝင် ကျောင်းသားမိဘတွေက စိုးရိမ်ရတဲ့ အခြေနေမှာရှိတယ် တဖက်ကလည်း PDF တွေက လူသိထင်ရှား  ကျောင်းပိတ်ထားဖို့ ဖိအားပေးပြီး သတိပေးစာနဲ့ ထုတ်ပြန်ထားတာရှိတော့ ဒီအခြေအနေနဲ့ဆို ကျောင်းက တက်ရဲကြမှာမဟုတ်ဘူးထင်ပါတယ်”လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ PDF တွေဘက်ကလည်း ကျောင်းတွေအားလုံး ပိတ်ထားကြဖို့ Non CDM ပညာရေးဝန်ထမ်းတွေ ကျောင်းဆက်မတက်ကြဖို့ သတိပေးခံထားရသလို ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားမိဘတွေကတော့ ကလေးတွေကို မြို့ပေါ်မှာ ကျောင်းပြောင်းကြပြီး ကျောင်း ဆက်ထားခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှု အရှိန်မြှင့် တင်သွားဖို့ရှိလို့ ကျောင်းသားကျောင်းသူတွေကို  ထိခိုက်နစ်နာမှု မရှိဖို့အတွက် ကျောင်းမတက်ဖို့ သတိပေးရတာလို့ ရေးမြို့နယ် မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်က မြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ မော့ကနင်၊ လမိုင်း၊ ကော့ဒွတ်၊ နှစ်ကရင်၊ သောင်ပြင်စတဲ့ ကျေးရွာတွေမှာ ကျောင်းပေါင်း ၁၀၀ ကျော်လောက်ရှိကာ ကျောင်းသား ထောင်ချီ ပညာသင်ကြားနေတာဖြစ်ပါတယ်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်လို့ ရာသီအလိုက်ပျော်ပွဲရွှင်ပွဲတွေကို တခြားနေရာထက် ရေးမြောက်ပိုင်းဘက်က နေရာတွေမှာ ပိုမိုလုပ်ဆောင်နေတာတွေရှိတဲ့အတွက် ပစ်ခတ်မှုတွေဖြစ်လာနိုင်တာကြောင့် သတိရှိပြီးသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

ရေးမြို့နယ်ကို စစ်ကောင်စီတပ်တွေ လုံခြုံရေးတွေပိုမိုတင်းကျပ်ထားတဲ့ကြားကနေ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ရဲ့ မကြာခဏ  တိုက်ခိုက်​​တာခံနေရပြီးရေး မြောက်ပိုင်း သံဖြူဇရပ်-ရေး ကားလမ်းမှာ အများဆုံး တိုက်ခိုက်ခံနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up