close

စစ်တပ်လက်နက်ကြီးကြောင့် ရေဖြူကန်ရွာသား ၂ ဦးဒဏ်ရာရ၊ စစ်တွေ၌ အမျိုးသားတဦး အလောင်း တွေ့ရှိ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်ကျေးရွာကို  နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲ ၂ နာရီ လောက်မှာ ခမရ ၅၅၀ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီး ၃ လုံး ကျရောက် ပေါက်ကွဲကာ အမျိုးသား ၂ ယောက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူကန်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

ကိုအေးဝင်မောင် နဲ့ ​ကိုဦးဝင်းမောင်တို့ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာဖြစ်ပြီ ဆေးရုံကို ပို့ဆောင်ပေးဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ခမရ ၅၅၀ တပ်ရင်းအပေါ်မှာ ရဟတ်ယာဥ်တစီး ဝဲပျံခဲ့ပြီးတဲ့နောက် အဲဒီတပ်ရင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာလည်း နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စက်လှေ တစီးကို သေနတ်နဲ့ ပစ်ခဲ့တာကြောင့်  ဒုံရွာဒေသခံလူငယ်  ၂ ယောက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာတော့ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်း တလောင်း တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကနေ သိရပါတယ်။

တာဝန်သိပြည်သူတယောက်က  အသင်းကို ဒီနေ့ မနက် ၉ နာရီလောက်မှာ အလောင်း တလောင်း တွေ့တယ်လို့ ဖုန်းဆက်အကြောင်းကြားလို့ သွားရောက်ရာ ဝေသာလီ ဘောလုံးကွင်းနားက ခြုံတောထဲမှာ အမျိုးသားတယောက် ပက်လက်လန်ပြီး လည်ပင်းမှာ ပြတ်ရှဒဏ်ရာ၊ ရင်ဘတ်တွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ဖောင်ဒေးရှင်းရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရွှေရောင်လေးက ပြောပါတယ်။

သေဆုံးခဲ့တဲ့သူကတော့ မင်းဂံရပ်ကွက်၊ ဝေသာလီကွင်းနားက အသက် ၄၀ နှစ်အရွယ် ဦးကျော်စိန်ဝင်းဖြစ်ပြီး အလောင်းကို စစ်တွေပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပိုဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေ့ရှိတဲ့ နေရာကိုတော့ စစ်ကေင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အလောင်းက ဒဏ်ရာတွေကို ကြည့်ရှုစစ်ဆေးကာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေကို စစ်ချက်ယူနေတာတွေ့ရတယ်လို့ ကိုရွှေရောင်လေးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းရွာသင်္ချိုင်းနားက ချောင်းထဲမှာလည်း နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တက္ကသိုလ်ကျောင်းသား တယောက်ရဲ့ အလောင်းတလောင်း ဓားဒဏ်ရာနဲ့ တွေ့ရှိ ခဲ့လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up