close

ဒီးမော့ဆိုနှင့်ဖရူဆိုတွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်တို့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ဆင်မတောင်စခန်းကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၇၊ တပ်ရင်း ၁ နဲ့ တပ်ရင်း ၉ တို့ ပူးပေါင်းပြီး စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့  KNDF တပ်ရင်း ၇ က ထုတ်ပြန်ထားပါတယ်။ 

အလားတူ ဖရူဆိုမြို့နယ်အတွင်းရှိ ခမရ ၄၂၈ ရှိ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၈ရက်၊ နေ့လယ် ၁ နာရီလောက်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF B-04 တပ်ရင်းက စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ အတွင်း ဖြတ်သန်းသွားတဲ့  စစ်ကောင်စီရဲ့ လက်နက်နဲ့ ရိက္ခာပို့ မော်တော်ယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ KRU က ထုတ်ပြန်ထားပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကူရောက်ရှိတာကြောင့် အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း ဒေသခံကာကွယ်ရေးဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကယား(ကရင်နီ)ပြည်နယ်  ဒီးမော့ဆိုမြို့၊ သေးဆူလဲကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီခွဲက စစ်ဘေးတိမ်းရှောင်နေရာမှ နေအိမ်ပြန်လာတဲ့ စစ်ရှောင်အမျိုးသားတယောက် မိုင်းနင်းမိပြီး သေဆုံးတယ်လို့ မေတ္တာစမ်းရေ (ကျွန်းတော)ပရဟိတအသင်းက သိရပါတယ်။ 

သေဆုံးသူဟာ အသက် ၃၉ နှစ်အရွယ် ဦးဖဲဘူးဖြစ်ပြီး စစ်ဘေးတိမ်းရှောင်နေရာမှ နေအိမ်ကို သန့်ရှင်းရေးလုပ်ဖို့ ပြန်လာရင်း မိုင်းနင်းမိတာလို့ သိရပါတယ်။

မေတ္တာစမ်းရေ(ကျွန်းတော)ပရဟိတအသင်းဝင်တဦးက "စစ်ရှောင်နေတာက တော်တော်ကြာပြီ။ ၁ လပိုင်းထဲက။ ဦးဖဲဘူးက ခြံသန့်ရှင်းရေး လုပ်ရင်း အိမ်ဝိုင်းထဲမှာပဲ မိုင်းနင်းမိတာ။  ဘယ်သူတွေ ထောင်ထားတဲ့ မိုင်းလဲဆိုတာတော့ မသိရဘူး လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နဲ့ မိုးဗြဲမြို့တလျှောက်မှာ အခုနှစ်ဆန်းပိုင်းက စပြီး စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးလာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာကာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်ခဲ့တာ ၁ နှစ်လောက် ရှိနေပြီလို့ သိရပါတယ်။

လတ်တလော တိုက်ပွဲတွေ ငြိမ်နေပေမဲ့ ကျေးရွာနဲ့ လူနေအိမ်တွေမှာ မိုင်းတွေ ကျန်နေမှာ စိုးရိမ်တာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up