ကိုလံဘီယာတွင် လူနေရပ်ကွက်ပေါ် လေယာဉ်ပျက်ကျပြီး လူ ၈ ဦးသေဆုံး

ကိုလံဘီယာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မက်ဒယ်လင်းရဲ့ လူနေရပ်ကွက်တခုမှာ နိုဝင်ဘာ ၂၁ ရက်က လေယာဉ်ငယ်တစီး ပျက်ကျပြီးနောက် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
လေယာဉ်ဟာ အိုလာယာ ဟာရီရာ လေဆိပ်ကနေထွက်ခွာပြီး မိနစ်ပိုင်းအတွင်း မြေပြင်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပြီး နေအိမ်တလုံးကို ဝင်တိုက်မိခဲ့ရာက မီးလောင်ခဲ့လို့ မီးသတ်သမားတွေက မီးငြှိမ်းပေးခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မက်ဒယ်လင်းမြို့တော်ဝန် ဒါနီယလ် ကင်န်တာရိုက “ဒီလေယာဉ်က ပျံတက်ချိန်မှာ အင်ဂျင်ချို့ယွင်းနေတာကို ပြသနေပြီး လေယာဉ်မှူးက ကံမကောင်းစွာနဲ့ လေယာဉ်ကို မပျံသန်းနိုင်ဘဲ ဒီ ဘီလန် ရိုဆာလေ့စ်ရပ်ကွက်မှာ တိုက်မိခဲ့ပါတယ်” လို့ ပြောပါတယ်။
လေယာဉ်ပေါ်မှာ လူ ၈ ဦး လိုက်ပါလာပြီး မတော်တဆမှု ဖြစ်ပွားရာနေရာမှာ သူတို့ရဲ့ ရုပ်အလောင်းအားလုံးကို အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လေယာဉ်ဟာ ၃ ပိုင်း ပြတ်သွားခဲ့ပြီးတော့ အနည်းဆုံး အဆောက်အဦ ၆ လုံးကို ဝင်တိုက်မိခဲ့တာကြောင့် စုစုပေါင်း နေအိမ် ၇ လုံး လုံးဝ ပျက်စီးသွားခဲ့ကြောင်းလည်း ကင်န်တာရိုမှ ပြောပါတယ်။
PA-31 အမျိုးအစား လေယာဉ်ဟာ မက်ဒယ်လင်းမြို့နဲ့ ဖရန်စစ္စကို ပီဇာရိုမြို့တို့အကြား လမ်းကြောင်းကို ဖုံးသွားတယ်လို့ ကိုလံဘီယာရဲ့ အရပ်ဘက်လေကြောင်းဌာနက ပြောပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။