နာမည်ကြီး အာဂျင်တီးနား ဆော်ဒီအာရေဗျကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံး

ကမ္ဘာ့ဖလား အုပ်စု စီ အဖွင့်ပွဲစဉ်အဖြစ် နာမည်ကြီး အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ ဆော်ဒီအာရေဗျက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အာဂျင်တီးနားအသင်းဟာ တိုက်စစ်မှူး မက်ဆီ ဦးဆောင်ပြီး ဒီမာရီယာ၊ လော်တာရိုမာတီနက်ဇ်၊ ဂိုမက်ဇ်၊ ဒီပေါလ်၊ အော်တာမန်ဒီ၊ ရိုမဲရိုး စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပေမဲ့လည်း ဆော်ဒီအာရေဗျအသင်းရဲ့ မာမာထန်ထန် တုံ့ပြန်ကစားပုံကြောင့် အခက်တွေ့ခဲ့ရတာပါ။
အဖွင့်ဂိုးကိုတော့ အာဂျင်တီးနားရခဲ့တာဖြစ်ပြီး ပွဲချိန် ၁၀ မိနစ်မှာပဲ မက်ဆီက ပယ်နယ်တီကတဆင့် သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း အာဂျင်တီးနားတို့ ဂိုးတွေထပ်ရခဲ့ပေမဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ဂိုးအဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရတာပါ။
ဆော်ဒီအာရေဗျအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၉ မိနစ်နဲ့ ၅၃ မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။
ဒီ့နောက် အာဂျင်တီးနားတို့ ချေပဂိုးရဖို့ မာတီနက်ဇ်၊ ဖာနန်ဒက်ဇ်၊ အယ်ဗာရက်ဇ်၊ အကူညာတို့ကို လူစားထည့်သွင်းခဲ့ပေမဲ့ ဆော်ဒီဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲအဖြေကို မပြောင်းလဲနိုင်ဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အာဂျင်တီးနားတို့ နောက်တဆင့်တက်ဖို့ ရုန်းကန်ရဖွယ်ရှိပြီး ပိုလန်၊ မက္ကဆီကိုတို့နဲ့ပွဲတွေမှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။
အုပ်စု စီ ဒုတိယပွဲစဉ်အဖြစ် ပိုလန်နဲ့ မက္ကဆီကိုတို့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။