ပြင်သစ်တွင် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

ပြင်သစ်နိုင်ငံတောင်ပိုင်း တွန်းနက်စ်မြို့မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၈ ရက်က ဖမ်းဆီးလိုက်ပါတယ်။
သံသယရှိသူဟာ ကျောင်းကနေထွက်လာတဲ့ ဗက်နီဆာကို ကားထဲ အတင်းထိုးထည့်ပြီး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဗက်နီဆာရဲ့အလောင်းကို လူမနေတော့တဲ့ အိမ်ထဲမှာ ထားခဲ့ကြောင်းနဲ့ သူ့ကို လုံခြုံရေးကင်မရာ မှတ်တမ်းကနေ အမြန်ဖော်ထုတ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်း မားမွန်းဒ်မြို့က သူ့တိုက်ခန်းမှာ ရဲတွေက အဲဒီလူကို သွားဖမ်းတဲ့အခါ သူ့အပြစ်ကို ဝန်ခံခဲ့တယ်လို့ နိုင်ငံတောင်ပိုင်း၊ အားဂျန်းဒ်မြို့ရှိ အစိုးရရှေ့နေက သတင်းထောက်တွေကို စနေနေ့မှာ ပြောပါတယ်။
ဒီအမျိုးသားဟာ သူ့အသက် ၁၅ နှစ်လောက်ပဲရှိချိန် ၂၀၀၆ ခုနှစ်က တခြားကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၁၅ ရက် ကျခံဖူးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီသတင်းကြောင့် အခုသီတင်းပတ်အတွင်း မြို့ခံတွေ ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် ပြစ်မှုမှတ်တမ်းရှိပြီးသား ဒီလိုလူတွေကို လွတ်လွတ်လပ်လပ် မနေစေဘဲ တင်းကျပ်တဲ့ တရားစီရင်မှု ရှိသင့်ကြောင်းလည်း ပြောကြပါတယ်။
ဒီအမှုဟာ မြို့တော်ပါရီမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး အသတ်ခံရမှုအပြီး သီတင်းပတ်တွေအကြာမှာ ထပ်ပြီး ပေါ်ပေါက်လာတဲ့အမှုလည်း ဖြစ်ပါတယ်။