close

အမေရိကန်တွင် လေယာဉ်ငယ် ၁ စီး လျှပ်စစ်တာဝါတိုင်ပေါ် ပျက်ကျ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီရဲ့ မြောက်ဘက် မိုင် ၃၀ လောက်အကွာမှာ နိုဝင်ဘာ ၂၇ ရက်က ဗို့အားမြင့် လျှပ်စစ်တာဝါတိုင်ပေါ် လေယာဉ်ငယ်တစီး ပျက်ကျခဲ့လို့ လေယာဉ်ပေါ်မှာ ပါတဲ့လူတွေကို ကယ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

လေယာဉ်ပျက်ကျတဲ့ ညနေ ၅ နာရီခွဲလောက်မှာ မေရီလန်းပြည်နယ်၊ မောင့်ဂိုမာရီရွာက အုံ့ဆိုင်းစိုစွတ်နေတဲ့ အခြေအနေမှာရှိနေတယ်လို့ မောင့်ဂိုမာရီမြို့နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ဆိုပါတယ်။

မြေပြင်ကနေ ပေ ၁၀၀ လောက်အကွာက ဓာတ်အားလိုင်းတွေပေါ်မှာ လေယာဉ်ငယ်က တင်နေခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် လျှပ်စစ်သုံးစွဲသူ ၈၅,၀၀၀ ကနေ ၉၀,၀၀၀ ကြား ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ ဝါရှင်တန်ဧရိယာ အသုံးချကုမ္ပဏီ ပက်ပ်ကိုက ပြောပါတယ်။

လမ်းတွေလည်း ပိတ်ထားရပြီး အဲဒီဒေသက မီးပွိုင့်အများအပြားမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

မီးသတ်အရာရှိတွေက ကနဦးမှာ လူနှစ်ဦး အသက်ရှင်နေပေမဲ့ လေယာဉ်ထဲမှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေး တာဝန်ရှိသူတွေက လေယာဉ်ထဲမှာ ပိတ်မိနေသူ ၂ ဦးရဲ့ ဆဲလ်ဖုန်းတွေကို ပုံမှန်အချိန်တိုင်း ဖုန်းခေါ်ဆိုပြီး အဆက်အသွယ်ရခဲ့တယ်လို့ မောင့်ဂိုမာရီမြို့နယ် မီးသတ်ဦးစီးချုပ် စကော့ထ် ဂိုးလ်ဒ်စတိန်းက ပြောပါတယ်။

ခရီးသည်တွေကို မဖယ်ရှားမီ လေယာဉ်ကို လျှပ်စစ်တာဝါတိုင်ပေါ်မှာ လုံခြုံအောင်ထားဖို့ လိုတယ်လို့ ဂိုးလ်ဒ်စတိန်းက ပြောပါတယ်။

ဒေသခံကုမ္ပဏီတခုက ပံ့ပိုးပေးတဲ့ အင်မတန်ကြီးတဲ့ ဝန်ချီစက်ကြီး လေယာဉ်ပျက်ကျတဲ့နေရာမှာ ရောက်နေပြီလို့လည်း သူက ပြောပါတယ်။

မွန်းနေး M20J လေယာဉ်ဟာ နယူးယောက်ပြည်နယ် ဝက်စ်ချက်စတာမြို့ကနေ  ပျံသန်းလာပြီး ပျက်ကျရာနေရာနဲ့နီးတဲ့ မောင့်ဂိုမာရီ လေယာဉ်ကွင်းမှာ ဆင်းဖို့ လုပ်နေခဲ့တာလို့ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ FAA က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up