အီတလီတွင် မိုးသည်းထန် မြေပြိုပြီးနောက် လူ ၁၁ ဦး ပျောက်ဆုံးနေ

အီတလီတောင်ပိုင်း အားလပ်ရက် အပန်းဖြေကျွန်း အိစ်ခီယာမှာ မိုးသည်းသည်းထန်ထန်ရွာအပြီး မြေပြိုခဲ့လို့ မြို့ငယ်လေးတမြို့ ပျက်စီးဆုံးရှုံးခဲ့ရပြီးတဲ့နောက်တရက်မှာ အရေးပေါ် လုပ်သားတွေက ပျောက်ဆုံးနေသူ ၁၁ ဦးကို အရှိန်မြှင့် ရှာဖွေနေပါတယ်။
ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေးခွေးတွေ၊ ရဟတ်ယာဉ်တွေရဲ့ အကူအညီနဲ့ ပျောက်ဆုံးသူတွေကို ဆက်ရှာနေတာပါ။
မွေးကင်းစကလေးတယောက် အပါအဝင် သေဆုံးသူ ၇ ယောက်ရဲ့ အလောင်းတွေကို ရှာတွေ့ထားတယ်လို့ ယူရိုနယူးစ် သတင်းဌာနက နိုဝင်ဘာ ၂၈ ရက်မှာ ဖော်ပြပါတယ်။
ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ မြေပြိုလို့ အဆောက်အအုံများစွာ ပြိုကျခဲ့ပြီး မြို့ကို အပျက်အစီးတွေ လွှမ်းမိုးနေခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာ ကျွန်းပေါ်က မြို့ငယ်ခြောက်မြို့ထဲက တခုဖြစ်တဲ့ ကာဆာမီချိုလာ တာမေ ဆိပ်ကမ်းမြို့မှာ မိုးသည်းသန်းထန်ထန်ရွာလို့ ရေကြီးရေလျှံခဲ့တဲ့အတွက် အဆောက်အဦတွေ ပြိုကျခဲ့ပါတယ်။
လူဦးရေထူထပ်တဲ့ အိစ်ခီယာကျွန်းဟာ နေပယ်မြို့ကနေ ၁၉ မိုင်အကွာမှာရှိတဲ့ မီးတောင်ကျွန်းတခုပါ။ အပူရေချိုးခန်းတွေနဲ့ သာယာလှပတဲ့ ကမ်းရိုးတန်းတွေကြောင့် လာရောက်သူတွေကို ဆွဲဆောင်ထားပါတယ်။