close

ရဟတ်ယာဉ်အမှု နိုင်ငံခေါင်းဆောင် ၂ ဦးကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်အမှုအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နို၀င်ဘာ ၂၈ ရက်နေ့က နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိ ငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦး၀င်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးနေတာဖြစ်ပါတယ်။

“ဒီနေ့ အန်တီကို စစ်ဖို့ ကျန်တဲ့ လေးမှုဆက်စစ်တာ ပြီးသွားပြီ။ ပြီးသွားတော့ မနက်ဖြန်ရုံးချိန်းမှာ ဒီအမှုတွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်မယ် မသိသေးဘူး”လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံး ပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၅၅ နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံခေါင်းဆောင်တွေကတော့  ရဟတ်ယာဉ်ဝယ်တဲ့ကိစ္စမှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲ ဆောင်ရွက်ဖို့  ညွန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံ ထားရတာ စုစုပေါင်း၂၆ နှစ် ရှိပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမိန့်ချပြီးသားအမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံတင်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up