close

ထီးချိုင့်တွင် စစ်တပ်က လေကြောင်းမှပစ်ခတ်၊ ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊‌ လေသာကျေးရွာအတွင်းကို စစ်ကောင်စီက ဒီနေ့ နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီကစတင်ပြီး တိုက်လေယာဉ် ၂ စီး အသုံးပြု ပစ်ခတ်နေတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

လာရောက်ပစ်ခတ်တဲ့ တိုက်လေယာဉ် ၂ စီးဟာ ရုရှားထုတ် တိုက်လေယာဉ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “မနေ့ကတော့ အလယ်တောရွာအနီးမှာ တိုက်ပွဲတော့ဖြစ်တယ်ဗျ။ ဒီနေ့မနက်ကျတော့ လေသာရွာမှာ ဘယ်တိုက်ပွဲမှမရှိဘဲကို လေယာဉ်နဲ့ လာပစ်တာဗျ။ တခါပစ်ရင် ၃ လုံး ၄ လုံးနှုန်းနဲ့ ပစ်တာဗျ။ လာပစ်တဲ့အကြိမ်ရေက ၆ ခေါက်ရှိနေပြီ။ ရွာထဲကို တည့်တည့်ပစ်တာ ထင်တာပဲ။ အဝေးကနေ လှမ်းမြင်နေရတာ။ အဲဒီလိုပစ်လို့ ရွာသားတဦးနဲ့ PDF တဦး ကျည်ထိမှန်ထားတယ်။ ရွာထဲက အပျက်အစီးကတော့ အတိအကျ မသိရသေးဘူး။ ရွာသားတွေကတော့ မနေ့ကတည်းက လူကုန် ထွက်ပြေးနေကြရတယ်ဗျ။ မနက်ခင်းက အင်ကြင်းကုန်းရွာကို မီးရှို့တယ်။ အခု နေ့လယ်ခင်းမှာ အလယ်တောရွာကို ထပ်ပြီး မီးရှို့နေပြီဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်မှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းနှစ်ခုလုံးဟာ အနီးကပ်ရွာတွေဖြစ်တဲ့ အလယ်တောရွာ၊ အင်ကြင်းကုန်း၊ ဆူးပုတ်ချောင်ရွာ၊ လေသာရွာတွေကို ဝင်ရောက်စီးနင်း မီးရှို့နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာတော့ နိုဝင်ဘာ ၂၆ ရက် မနက် ၁၁ နာရီလောက်က မန်းကျည်းတုံရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အင်အား ၈၀ ပါ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ People's Army To Fight Dictatorship (ဝက်လက်) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မဟာမိတ်အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်။ နောက်ပြီး ပြောက်ကျား ခြုံခိုတိုက်ခိုက်ခဲ့လို့ အလစ်ခံရတော့ အတော်အထိနာသွားတယ်။ ရန်သူ့ဘက်မှာ အသေအပျောက် ရှိနိုင်ပါတယ်။”

တိုက်ပွဲအတွင်း စစ်တပ်က အထိနာကာ ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ လှတောရွာဘက် ဆုတ်ခွာသွားလို့ သိရပါတယ်။

အခုတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

ဝက်လက်မြို့အခြေစိုက် Acid Local Defence Force အဖွဲ့က ၆၀ မမ လက်နက်ကြီးတွေကို နည်းပညာပိုင်းတိုးမြှင့်ပြီး ထပ်မံထုတ်လုပ်ထားနိုင်တယ်လို့ Acid အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကိုယ်တိုင်ထုတ် လက်လုပ်သေနတ်တွေကိုသာ အဓိက အားကိုးနေရတာကြောင့် ၆၀ မမ လက်လုပ်လက်နက်ကြီးတွေ၊ ၉ လုံးကျည် တတောင့်ထိုး၊ ၅ ဒသမ ၅၆ တတောင့်ထိုး၊ ၇ ဒသမ ၆၂ တတောင့်ထိုး၊ စလစ်မိုင်း၊ ဆွဲမိုင်း၊ တိုက်မိုင်း၊ လက်လုပ်ဗုံး စတဲ့လက်နက်တွေကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာလို့လည်း Acid အဖွဲ့ဝင် ကိုဟယ်ရီက ဆိုပါတယ်။

၆၀ မမ လက်နက်ကြီးတခုကို ၅ သိန်းဝန်းကျင် ကုန်ကျစရိတ်ရှိပြီး Clicker တွေရဲ့ ထောက်ပံ့မှုကြောင့် လက်နက်တွေ ထုတ်လုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

ကိုဟယ်ရီက “ရန်သူက လက်နက်ငယ်ထက် လက်နက်ကြီးတွေ၊ မိုင်းတွေကို ပိုကြောက်တယ်။ မောင်းပြန်မရှိတော့ ဒါပဲအားကိုးနေရတာ။ ဒီလက်နက်တွေက ကျနော်တို့အတွက် အရေးပါဆုံးပါပဲ။ တိုက်ပွဲလည်းဝင်ရတယ်။ ရှောင်ရတိမ်းရ ပစ်ခတ်ရဆို​တော့ အရမ်းကြီး ပင်ပန်းပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up