တက်စ်လာ လျှပ်စစ်ကားစက်ရုံ တည်ဆောက်ရန် တောင်ကိုရီးယား ကမ်းလှမ်းမည်

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဧရာမ တက်စ်လာ လျှပ်စစ်ကားစက်ရုံ တောင်ကိုရီးယားမှာ တည်ဆောက်ရေးအတွက် စိတ်ကြိုက်မက်လုံးတွေပေးပြီး ကမ်းလှမ်းဖို့ အဆင်သင့်ရှိတယ်လို့ ပြောလိုက်ပါတယ်။
ကားထုတ်လုပ်မှုကုမ္ပဏီတွေဆီ နိုင်ငံရဲ့ သမဂ္ဂတွေကြောင့် ဖြစ်ရတဲ့ အန္တရာယ်တွေကို လျှော့ချပေးမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတနဲ့ တက်စ်လာကုမ္ပဏီ အကြီးအကဲ အီလွန်မက်စ်တို့အကြား အွန်လိုင်း ဗွီဒီယို ခေါ်ဆိုမှုအတွင်း တောင်ကိုရီးယားနိုင်ငံဟာ လျှပ်စစ်ကားထုတ်လုပ်ဖို့ စက်ရုံတည်ဆောက်ရေးအတွက် ထိပ်တန်းနေရာတွေထဲက တခုဖြစ်ကြောင်း သမ္မတယွန်းရဲ့ ရုံးခန်းက မတ်စ်ခ်ကိုကိုးကားပြီး ပြောခဲ့ပါတယ်။
“တက်စ်လာနဲ့ စပေ့စ်အိတ်က်စ် ပဲဖြစ်ဖြစ် တခြားကုမ္ပဏီတွေလည်း တောင်ကိုရီးယားမှာ ဧရာမစက်ရုံကြီးတွေ တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတယ်ဆိုရင် အစိုးရအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုအပေါ် အကောင်းဆုံး ထောက်ပံ့ပေးသွားမှာဖြစ်တယ်” လို့ ယွန်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နိုင်ငံတကာအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ စံနှုန်းတွေနဲ့အတူ နိုင်ငံတကာကုမ္ပဏီတွေ မမျှော်လင့်ထားတဲ့ ငွေကြေးနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲတွေ မကြုံရစေဖို့ အကျိုးခံစားခွင့်တွေကိုလည်း သေချာအောင် စီမံထားတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်လုပ်သားတွေလည်း အဆင်သင့်ရှိကြောင်း ယွန်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။