ကပ်ရောဂါထိန်းချုပ်ရေး အစီအမံများ တိုးတက်ကောင်းမွန်ရန် အရေးကြီးဟု တရုတ်ဒုဝန်ကြီးချုပ် ပြော

တရုတ်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် စွန်းချွန်းလန်ဟာ နိုင်ငံရဲ့ ကိုဗစ်-၁၉ တုံ့ပြန်မှုကို အမြဲတစေ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ နိုဝင်ဘာ ၃၀ ရက်က အလေးပေး ပြောခဲ့ပါတယ်။
စွန်းဟာ ကပ်ရောဂါထိန်းချုပ်ရေး အစီအမံတွေ တိုးတက်ကောင်းမွန်လာရေးနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ သဘောထား အမြင်တွေနဲ့ အကြံပြုချက်တွေကို နားထောင်ရင်း အမျိုးသားကျန်းမာရေးကော်မရှင်မှာ မှတ်ချက်ချခဲ့တာပါ။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ နိုင်ငံတော်ကောင်စီတို့ဟာ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို အစဉ်အမြဲ ဦးစားပေးထားခဲ့ပြီး ကိုဗစ်-၁၉ ရဲ့ မသေချာ မရေရာမှုတွေကို တိုက်ဖျက်ဖို့ မဟာဗျူဟာနဲ့ လိုက်လျောညီထွေရှိတဲ့ အစီအမံတွေနဲ့ ထိထိရောက်ရောက် တသမတ်တည်း ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ စွန်းက မှတ်ချက်ပြုခဲ့ပါတယ်။
“အိုမီခရွန်ဗိုင်းရပ်စ်ရဲ့ ရောဂါဖြစ်ပွားနိုင်မှု အားနည်းလာတယ်၊ လူတွေ ကာကွယ်ဆေးထိုးနှံပြီး ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အတွေ့အကြုံတွေ များလာလို့ နိုင်ငံဟာ အခြေအနေအသစ်နဲ့ ရင်ဆိုင်နေရပြီး ကပ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းသစ်တွေကို လုပ်ဆောင်နေတယ်” လို့လည်း သူက ပြောပါတယ်။
ကိုဗစ်-၁၉ တုံ့ပြန်မှုကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ ရောဂါရှာဖွေရေး၊ စမ်းသပ်ရေး၊ ကုသရေးနဲ့ ရောဂါခြေချုပ် အစီအမံတွေကို မြှင့်တင်ရေး၊ လူဦးရေတရပ်လုံး အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးနှံပေးရေး၊ ဆေးဝါးတွေနဲ့ တခြားဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေ ပြင်ဆင်ရေး မြှင့်တင်ဖို့ စွန်းက တိုက်တွန်းခဲ့ပါတယ်။
အစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေးကျွမ်းကျင်သူ ၈ ဦးက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အကြံပြုချက်တွေကို တင်ပြခဲ့ပါတယ်။
စွန်းက ကျွမ်းကျင်သူတွေရဲ့ ပံ့ပိုးကူညီမှုကို အပြည့်အဝ အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပိုမိုပါဝင်နိုင်စေဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကပ်ဘေးထိန်းချုပ်ရေး အစီအမံတွေကို လူထုမကျေနပ်ချက် တိုးလာပြီး မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြတာပါ။ အဲဒီနောက် အစိုးရက အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းအပြီး ဒုဝန်ကြီးချုပ်အဆင့်က ဒီအရေးကို ကိုင်တွယ်ဖြေရှင်းနေတာလည်း ဖြစ်ပါတယ်။