လူသားချင်းစာနာမှုအကူအညီပေးရန် ဒေါ်လာ ၅၁ ဘီလီယံကျော် ကုလ တောင်းခံမည်

ကုလသမဂ္ဂနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေက လာမယ့် ၂၀၂၃ ခုနှစ်မှာ လူသားချင်း စာနာမှုအကူအညီ ပေးအပ်နိုင်ဖို့အတွက် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီယံ အကူအညီ တောင်းခံသွားမယ်လို့ ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့ပါတယ်။
လူသန်းပေါင်းများစွာ အသက်ဆက်ရေးအတွက်ဖြစ်ပြီး လာမယ့်နှစ်မှာ နိုင်ငံပေါင်း ၆၈ နိုင်ငံထဲက အကူအညီလိုအပ်နိုင်တဲ့ လူဦးရေ ၆၅ သန်းအထိ ပိုလာနိုင်တာကြောင့် စုစုပေါင်း ဒေါ်လာသန်းပေါင်း ၃၃၉ သန်း ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့က အကျဉ်းချုံး တင်ပြခဲ့တာပါ။
ဒါဟာ တကမ္ဘာလုံးလူဦးရေရဲ့ ၄ ရာခိုင်နှုန်းကျော် ဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေနီးပါးလောက် အရေအတွက် ရှိနေတာပါ။
“လာမယ့်နှစ်ကတော့ ကမ္ဘာကြီးအတွက် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အစီအစဉ်တခု ဖြစ်လာဖို့ရှိပါတယ်” လို့ ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ်ကယူကရိန်းစစ်ပွဲနဲ့ အာဖရိကဦးချိုဒေသက မိုးခေါင်ရေရှားမှုတို့ကို ရည်ညွှန်းပြီးတော့ နိုဝင်ဘာ ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
လူဦးရေ သန်း ၁၀၀ ကျော်ဟာ ပဋိပက္ခပုံစံမျိုးစုံကြောင့် နေရပ်ကနေ စွန့်ခွာထွက်ပြေးရသလို ရာသီဥတုပြောင်းလဲမှုဟာလည်း ရွှေ့ပြောင်းအခြေချမှုကပ်ဘေးကို မီးလောင်ရာလေပင့် ဖြစ်နေခဲ့တာပါ။
လက်ရှိမှာ ရုရှားနဲ့ ယူကရိန်းကြားက ကိုးလကြာစစ်ပွဲကြောင့် အစားအသောက် တင်ပို့မှုအပေါ် ထိခိုက်ခဲ့သလို နိုင်ငံပေါင်း ၃၇ နိုင်ငံက လူပေါင်း ၄၅ သန်းဟာလည်း ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီနှစ်အတွက် အကူအညီတောင်းခံမှု ပမာဏဟာ အရင်နှစ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းအထိ ပိုမိုလိုအပ်လာခဲ့ပါတယ်။