close

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ပြန်ဖွင့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ ရေကြောင်းလမ်းကို ဒီဇင်ဘာ ၃ ရက်ကစပြီး  ပြန်လည်ဖွင့်ပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီက သြဂုတ် တတိယအပတ်ကတည်းက ပိတ်ပင်ထားခဲ့တာဖြစ်ပြီး ပလက်ဝမြို့မှာ ဆန်အပါအဝင် စားသုံးကုန်စျေးများ အဆမတန် ထိုးတက်ခဲ့ကြပါတယ်။

ပလက်ဝမြို့ဟာ ကုန်စည်စီးဆင်းဖို့အတွက် ကျောက်တော်မြို့ကို အားထားနေရတာဖြစ်ပြီး အခုလို ရေလမ်းကြောင်း ဖွင့်ပေးလိုက်တာကြောင့် ဒေသတွေနဲ့ ကုန်စည်စီးဆင်မှုတွေအတွက် များစွာအထောက်အကူပြုမှာဖြစ်တယ်လို့ ပလက်ဝမြို့ခံတစ်ဦးကပြောပါတယ်။

"ကျနော်တို့ ပလက်ဝမြို့က ကုန်စည်းစီးဆင်ဖို့ အတွက်ရော့ ကျန်းမာရေး လူမှုရေးအတွက်ပါ ဒီရေလမ်းကြောင်း တစ်ခုတည်းကိုပဲ အားပြုနေရတာ။ ဒီလမ်းကြောင်း ပိတ်ထားခဲ့တာကြောင့် ကျနော်တို့ မြို့နယ်က လူတွေမှာ ကုန်စျေးနှုန်းတွေ ၃ ဆလောက်မြင့်တက်သွားပြီး အခက်အခဲတွေ တော်တော်ဖြစ်ခဲ့ကြရတယ်။ အခု ဒီရေလမ်းကြောင်း ပြန်ဖွင့် လိုက်တယ်ဆိုတော့ ကုန်စည်စီးဆင်းမှုအတွက်ရော ဒေသခံ ပြည်သူတွေအတွက်ပါ တော်တော်လည်းကို အဆင်ပြေသွားကြမှာဖြစ်တယ်။”

ကျောက်တော်- ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီက ဇွန်၊  ဇူလိုင် လကတည်းက ရံဖန်ရံခါ ပိတ်ပင်တာရှိခဲ့ပေမဲ့  တိုက်ပွဲပြင်းထန်ခဲ့တဲ့ သြဂုတ်လမှာ တတိယအပတ်မှာ အပြီးတိုင် သွားလာခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အခုလို ရေလမ်းကြောင်းဖွင့်ပေးလိုက်တော့ ကုန်စည်စီးဆင်းမှု လွယ်ကူသွားပြီး ကုန်စျေးနှုန်းတွေ ပြန်ကျဖို့ မျော်လင်တယ်လို့ နောက်ထပ် ပလက်ဝမြို့ခံတစ်ဦးကပြောပါတယ်။

"ရေလမ်းကို ပြန်ဖွင့်ပေးတယ်ဆိုတော့ ဝမ်းသာမိတာပေါ့ဗျာ။ ကျနော်တို့မှာ အသွားဆင်းရဲ အစားဆင်းရဲနဲ့ နေကြရတာလည်း မနည်းတော့ဘူး။ လမ်းပိတ်ထားတော့ ကုန်တင်ဖို့အတွက် မော်တော်ဘုတ်ကလည်း စစ်ကောင်စီနဲ့ ရင်းနှီးကြတဲ့ ဘုတ် ၃ စီးရောက်သာ ထွက်ရတာ။ အဲဒီတော့ ကုန်စျေးနှုန်းက မတရားမြင့်တက်တော့တာပေါ့။ အခုရေလမ်းပြန်ဖွင့်တယ်ဆိုတော့ ကုန်စည်စီးဆင်မှုက ပိုအဆင်ပြေသွားပြီး ကုန်စျေးနှုန်းတွေ ပြန်လည်ကျစေချင်တယ်။”

ကျောက်တော်- ပလက်ဝ ရေကြောင်းလမ်းကို ပုံမှန်ပြေးဆွဲပြေးနေတဲ့ စစ်ကောင်စီပိုင် ရေနယားဇာတ်ရေယာဥ်နဲ့ ပြန်လည်ပြေးဆွဲမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အရင် ကျောက်တော်- ပလက်ဝ ရေကြောင်းလမ်းကို စစ်ကောင်စီက တစ်ပတ် နှစ်ကြိမ်ကျပြေးဆွဲခဲ့ပေမဲ့ အခုဘယ်လို ပြေးဆွဲမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု ယာယီအပစ်ခတ်ရပ်စဲပြီးတဲ့နောက် စစ်ကောင်စီက ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းတွေကို ပြန်လည်ဖွင့်ပေးနေတာတွေရှိနေပါတယ်။

ပုံဟောင်း - ကျောက်တော် - ပလက်ဝပြေးဆွဲသည့် ရေယာဉ် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up