ရုရှားနျူကလီးယားထိပ်ဖူးတပ် ဒုံးကျည် အပိုင်းအစများ ယူကရိန်းအနောက်ပိုင်းတွင် တွေ့ရှိ

ယူကရိန်းစစ်တပ်ဟာ နိုင်ငံရဲ့အနောက်ဘက်မှာ ရုရှားကပစ်လွှတ်လိုက်တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည် အပိုင်းအစတွေ တွေ့ရှိခဲ့ရကြောင်းနဲ့ ရုရှားရဲ့ရည်ရွယ်ချက်က လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အာရုံပြောင်းအောင် လုပ်ချင်တာဖြစ်ကြောင်း သိသာထင်ရှားတယ်လို့ ယူကရိန်းစစ်တပ်က ဒီဇင်ဘာ ၁ရက်မှာ ပြောပါတယ်။
ဒီဒုံးကျည် အပိုင်းအစတွေဟာ ယူကရိန်း အနောက်ပိုင်းက လီဗစ်ဗ်နဲ့ ခမဲလ်နစ်စ်ကီး ဒေသတွေမှာ အောက်တိုဘာ ၃၁ ရက်က ကျရောက်ခဲ့တဲ့ Kh-55 ပဲ့ထိန်းဒုံးကျည်ရဲ့ အစိတ်အပိုင်းတွေလို့ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ သုတေသနအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ မိုက်ကိုလာ ဒါနိုက်လူ့ခ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီပဲ့ထိန်းဒုံးကျည်တွေကို အောက်တိုဘာ ၃၁ ရက် မတိုင်ခင်အထိ ရုရှားက အသုံးပြုခြင်းမရှိခဲ့ပေမယ့် ဒီဒုံးကျည်တွေရဲ့ အရွေ့စွမ်းအင်နဲ့ လောင်စာကြောင့် အတိုင်းအတာတခုအထိ အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။
Kh-55 ပဲ့ထိန်းဒုံးကျည် ကို ဗျူဟာမြောက် ပစ်မှတ်တွေအပေါ် တိုက်ခိုက်ဖို့ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်မှာ ဆိုဗီယက်ခေတ်က ဒီဇိုင်း ရေးဆွဲခဲ့တာဖြစ်ပြီး အစပိုင်းက နျူကလီယားထိပ်ဖူးတွေတပ်ဆင်ဖို့နဲ့ ဗုံးကြဲလေယာဉ်တွေကနေ ပစ်လွှတ်ဖို့ ရည်ရွယ်ထားတာပါ။
ဒါပေမဲ့အခုတွေ့ရှိခဲ့တဲ့ ဒုံးကျည်အစိတ်အပိုင်းတွေမှာတော့ မူမမှန်တဲ့ ရေဒီယိုသတ္တုကြွအဆင့်တွေကို မတွေ့ရဘူးလို့ တာဝန်ရှိသူက ဆိုပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် ချက်ချင်း တုံ့ပြန်မှုမရှိပါဘူး။