close

ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး ကုန်တင်ကား တက်စ်လာကုမ္ပဏီ စတင်မိတ်ဆက်

တက်စ်လာ-လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က သူ့ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ပထမဆုံး  Semi လျှပ်စစ်ကုန်တင်ထရပ်ကားသစ်ကို ဒီဇင်ဘာ ၁ ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နီးဗားဒါးပြည်နယ်ရှိ တက်စ်လာစက်ရုံမှာကျင်းပတဲ့အခမ်းအနားမှာ အီးလွန်မက်စ်က ဘက်ထရီ ပါဝါသုံး၊ ခရီးဝေးသွား ထရပ်ကားဟာ အဝေးပြေးလမ်းမတွေမှာ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ပြီး ပါဝါနဲ့ ဘေးကင်းရေးပိုင်းမှာ လက်ရှိ ဒီဇယ်သုံး ကုန်တင်ယာဉ်ကြီးတွေထက် စွမ်းဆောင်ရည် သာလွန်တဲ့အပြင် တက်စ်လာကနေ လာမယ့် ဆိုက်ဘာကုန်တင်ထရပ်ကားမှာ သုံးစွဲမယ့် အမြန်အားသွင်း နည်းပညာကို စတင်သုံးစွဲထားတယ်လို့ ပြောပါတယ်။

ဒီဇယ်စွမ်းအင်သုံး ကုန်တင်ယာဉ်တွေထက် မောင်နှင်အား ၃ ဆ သာလွန်မှာဖြစ်သလို စွမ်းဆောင်ရည် တိုးတက်စေမယ့် စွမ်းအင်ပြန်ထုတ် သုံးစွဲနိုင်တဲ့ ဘရိတ်ဖမ်းစနစ်သစ်ကို သုံးစွဲထားကြောင်းလည်း မက်စ်က ပြောပါတယ်။

တက်စ်လာဟာ ကယ်လီဖိုးနီးယား ပြည်နယ် ဖရီမွန့်ရှိ သူ့ရဲ့စက်ရုံကို အစိတ်အပိုင်းတွေ တင်ပို့ဖို့ Semi ထရပ်ကို စတင်အသုံးပြုမယ်လို့ ဆိုပါတယ်။

Semi ထရပ်ကားကို တစ်ကြိမ်အားသွင်းထားပြီး အလေးချိန် ပေါင် ၈၁၀၀၀ ကို တင်ဆောင်ထားရင်း  မိုင် ၅၀၀ ထိ အားမပြတ်ပဲ မောင်းနှင်နိုင်ကြောင်းကို စမ်းသပ်ပြီးသွားပြီလို့ တက်စ်လာ ကုမ္ပဏီက ပြောပါတယ်။

၂၀၁၇ ခုနှစ်က တက်စ်လာဟာ Semi ထရပ်ကားရဲ့ မိုင် ၃၀၀ ပြေး အမျိုးအစားဟာ ဒေါ်လာ ၁ သိန်းခွဲနဲ့ မိုင် ၅၀၀ ပြေးထရပ်ကားကတော့ ဒေါ်လာ ၁၈၀,၀၀၀  ကုန်ကျနိုင်ကြောင်း ပြောထားပါတယ်။

ဒါပေမဲ့ တက်စ်လာ ရဲ့ လူစီးလျှပ်စစ်ကားတွေရဲ့ ဈေးနှုန်းတွေဟာ အဲဒီအချိန်ကတည်းက သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ ဒီထရပ်ကားနဲ့ ပထမဆုံး ကုန်တင်ကုန်ချ ပြေးဆွဲမှု အပြီးအစီး လုပ်ကြည့်ခဲ့တဲ့ အမေရိကန်အစားအစာ ကုမ္ပဏီ ပက်ပ်စီက ၂၀၁၇ ခုနှစ်မှာ ထရပ်ကား စီးရေ ၁၀၀ မှာယူခဲ့ပါတယ်။ Semi ထရပ်ကားကို တခြားကုမ္ပဏီကြီးတွေလည်း ကြိုတင်မှာယူနေကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up