အာဂျင်တီးနားအသင်း ဩစတြေးလျကို (၂- ၁) ဂိုးဖြင့် နိုင်ပြီး ကွာတားဖိုင်နယ်တက်ရောက်

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ၁၆ အသင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ဩစတြေးလျအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ပွဲစဉ်ကို တက်ရောက်သွားပါတယ်။
အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းပွဲကစားချိန် ၃၅ မိနစ်မှာ မက်ဆီကအဖွင့်ဂိုး သွင်းပေးခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာ အယ်ဗာရက်ဇ်က တဂိုးသွင်းယူခဲ့တာပါ။
ဒီနေ့ပွဲမှာ ဩစတြေးလျအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၇၇ မိနစ်မှာ ဂွတ်ဒ်ဝင်းက ကန်သွင်းယူရာမှာ အာဂျင်တီးနားနောက်ခံလူ ဖာနန်ဒတ်စ်နဲ့ ထိပြီးဝင်သွားတာပါ။
ဒီနေ့ပွဲစဉ်မှာ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့သလို မက်ဆီဟာလည်း ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃ ဂိုး မြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အနိုင်ရတဲ့ အာဂျင်တီးနားအသင်းဟာ ကွာတားဖိုင်နယ်မှာတော့ နယ်သာလန်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
မနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ အသင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ နယ်သာလန်အသင်းက အမေရိကန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာတာဖြစ်ပါတယ်။