နယ်သာလန်က အမေရိကန်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်

ဒီနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ အသင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ နယ်သာလန်အသင်းက အမေရိကန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
နယ်သာလန်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲကစားချိန် ၁၀ မိနစ်မှာ ဒီပေးက ၁ ဂိုး၊ ပထမပိုင်း နာကျင်အချိန်ပို ၁ မိနစ်မှာ ဒီဘရိုင်းက ၁ ဂိုးနဲ့ ဒုတိယပိုင်း ၈၁ မိနစ်မှာ ဒွမ်ဖရိုက်စ်က ၁ ဂိုး အသီးသီး သွင်းယူခဲ့တာပါ။
ဒီနေ့ပွဲမှာ နယ်သာလန်အသင်းအတွက် ဒွန်ဖရိုက်စ်ဟာ ကိုယ်တိုင်လည်း ဂိုးသွင်းယူခဲ့သလို ဒီပေးနဲ့ ဒီဘရိုင်းတို့ရဲ့ ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့တာပါ။ ဒွမ်ဖရိုက်စ်ရဲ့ ဂိုးကလည်း ဒီပေးရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့တာပါ။
အမေရိကန်အသင်းအတွက် ၁ လုံးတည်းသော ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၇၆ မိနစ်မှာ ပူလီဆစ်ရဲ့ ပေးပို့မှုကနေ ရိုက်က သွင်းယူခဲ့တာပါ။
ဒီနေ့ပွဲစဉ်မှာ အမေရိကန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်မသေချာမှုကြောင့် နယ်သာလန်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ဒုတိယပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ အာဂျင်တီးနားနဲ့ ဩစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ကွာတားဖိုင်နယ်မှာ နယ်သာလန်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။