ဘရားဇီး ဂန္တဝင်ဘောလုံးသမားကြီး ပီလီ ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်ကုသနေရ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်မှာ ဆေးရုံတက်နေရတဲ့ ဘရားဇီး ဘောလုံးအကျော်အမော် ဂန္တဝင်ကစားသမားဟောင်း ပီလီဟာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါပိုးကူးစက်ခံထားရပေမယ့် အခြေအနေတည်ငြိမ်နေဆဲပဲလို့ ဒီဇင်ဘာ ၂ ရက်က ဆာပေါ်လိုမြို့ အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံက ထုတ်ပြန်ထားပါတယ်။
ပီလီဟာ ရောဂါ ကူးစက်မှုအတွက် ပိုးသတ်ဆေးတွေနဲ့ ကုသနေသလို တုံ့ပြန်မှုလည်းရှိတယ်လို့ ဆိုပါတယ်။ အသက် ၈၂ နှစ်အရွယ် ပီလီဟာ ဆေးကုသမှု ဆက်လက်ခံယူဖို့ ဆေးရုံမှာ ရက်အနည်းငယ် နေရဦးမယ်လို့ သူရဲ့ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။
ဂန္တဝင်ဘောလုံးကစားသမားကြီးဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အူမကြီးထဲက အကျိတ်ကို ဖယ်ရှားပြီးနောက် ကင်ဆာရောဂါကုသမှုအတွက် ပြန်အကဲဖြတ်မှု ဆောင်ရွက်ဖို့ နိုဝင်ဘာ ၂၉ ရက် မှာ ဆေးရုံတက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဒီရှေ့တန်းတိုက်စစ်မှူးဟောင်းဟာ အပြုသဘောဆောင် အားပေးတဲ့ မက်ဆေ့ချ်တွေ လက်ခံရရှိခဲ့တာကြောင့် အားပေးသူပရိသတ်ကို ကျေးဇူးတင်ရှိ ကြောင်း ဖော်ပြပြီး အင်စတာဂရမ်မှာ ဓာတ်ပုံတင်ခဲ့ပါတယ်။
ESPN ဘရာဇီးလ်ရဲ့ သတင်းဖော်ပြချက်ထဲမှာတော့ ပီလီဟာ "သာမန်ရောင်ရမ်း"မှုကြောင့် ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး သူရဲ့ ကျန်းမာရေးအခြေအနေအတွက် အသေးစိတ် ဆေးစစ်မှုတွေ လုပ်နေတယ်လို့ သမီးဖြစ်သူ နာဆီမန်တိုက အင်စတာဂရမ်မှာ မှတ်ချက်ပေးထားပါတယ်။