close

အင်ဒိုနီးရှားရှိ ဆီမာရူမီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံရှိ ဆီမာရူမီးတောင်ဟာ ဒီဇင်ဘာ ၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးခိုးပြာတွေ ကောင်းကင်မှာ ပျံ့နှံ့နေသလို အာဏာပိုင်တွေကလည်း သတိပေးချက်ကို အမြင့်ဆုံး တပ်လှန့်ထား ပါတယ်။
အရှေ့ဂျာဗားပြည်နယ်၊ မီးတောင်တဝိုက် နေထိုင်သူတွေကို နေရာရွှေ့ပြောင်းမှု စတင်နေပြီလို့ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူက ပြည်တွင်းမီဒီယာကို ပြောပါတယ်။
မီးတောင် ပေါက်ကွဲမှု ဗဟိုကနေ ၅ မိုင်အတွင်း ဖြတ်သန်းသွားလာတာမျိုး မလုပ်ဖို့ အာဏာပိုင်တွေက ဒေသခံတွေ ကို သတိပေးထားကြောင်း Kompas ရုပ်သံမှာ ဖော်ပြပါတယ်။
မီးတောင်ရဲ့ ပေါက်ကွဲထွက်မှုဟာ အမြင့်ပေ ၅၀၀၀ အထိ ရှိခဲ့တယ်ဆိုပြီး အဲ့ဒီနေရာမှာ ဆူနာမီ ဖြစ်နိုင်ခြေကို စောင့်ကြည့်နေတဲ့ ဂျပန် မိုးလေဝသအေဂျင်စီက ဆိုပါတယ်။
အင်ဒိုနီးရှားမြို့တော် ဂျာကာတာရဲ့ အရှေ့ဘက်၊ မိုင် ၄၀၀ အကွာ မှာရှိတဲ့ ဂျာဗားကျွန်း အရှေ့ဘက်ခြမ်းက ဒီပေါက်ကွဲမှုကြောင့် ကျွန်းရဲ့အနောက်ဘက်ခြမ်းမှာ မြေငလျင် လှုပ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း ဒီလိုမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီမီးတောင်ဟာ ဂရင်းနစ်စံတော်ချိန် ည ၇ နာရီ ၄၆ မိနစ်က စတင်ပေါက်ကွဲတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ BNPP က ထုတ်ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်ပေါင်း ၁၄၂ လုံးနဲ့ ကမ္ဘာပေါ်က မီးတောင်တစ်ဝိုက်နေထိုင်တဲ့ လူဦးရေအများဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး မီးတောင်ဧရိယာတစ်ဝိုက် ၆ မိုင်အတွင်းမှာတင် လူဦးရေ ၈ ဒသမ ၆ သန်းအထိ ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up