close

ပတ်စ်ပို့စာအုပ်လုပ်ရန် အွန်လိုင်းမှ ဘွတ်ကင်တင်သည့်စနစ် ရပ်ဆိုင်း


နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်လုပ်ဖို့ အွန်လိုင်းကနေဘွတ်ကင်တင်ပြီး ရက်ချိန်း QR code ယူရတဲ့စနစ်ဟောင်းကို ဒီဇင်ဘာ ၅ ရက်မှစပြီး ရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)က ဒီဇင်ဘာ ၄ ရက်က ကြေညာထားပါတယ်။
အွန်လိုင်းကဘွတ်ကင်တင်ပြီး ရက်ချိန်း QR code ယူတဲ့ စနစ်က အဆင်‌မပြေမှုများစွာရှိနေပြီး ပွဲစားတွေရဲ့ တရားမဝင်ဈေးကွက်ကြောင့် ပိတ်စ်ပို့စာအုပ်လုပ်ဖို့ ရက်ချိန်း QR code တစ်ခုကို မြန်မာငွေ ကျပ် ၃၀၀၀၀ မှ တစ်သိန်းထိ ပေးနေရကြောင်း ပတ်စ်ပို့စာအုပ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
"စာအုပ်လုပ်ဖို့ ကိုယ့်ဘာသာကိုယ် QR code ယူတော့လည်း အနည်းဆုံး သုံး၊လေးလကြာမှ ရက်ချိန်းက ရတယ်၊ ဒါတောင် မိုးလင်းကတည်းက ဝက်ဆိုဒ်ကို ထိုင်ဖွင့်နေရတာ မလွယ်ပါဘူး။ ပွဲစားတွေတော့ QR code ရောင်းတာရှိတယ်။ ရက်နီးရင် တစ်သိန်းလောက်တောင်းတယ်၊ နှစ်လ ၊ သုံးလလောက်ဝေးရင်တော့ သုံးသောင်းလောက်ပဲ ပေးရတယ်။”
စနစ်ဟောင်းနဲ့ ဘွတ်ကင်တင်ထားသူတွေကို ယူထားတဲ့ ရက်ချိန်းအတိုင်း ဆက်လက်ပြီး လုပ်ဆောင်ပေးမှာ ဖြစ်ပြီး ၂၄ နာရီ ၇ ရက်တပတ်လုံး ကာယကံရှင်ကိုယ်တိုင် လွယ်ကူစွာလျှောက်ထားနိုင်မယ့် အွန်လိုင်းဘိုကင်စနစ်သစ်ကို ပြင်ဆင်ရေးဆွဲနေတယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ ဝက်ဆိုဒ်မှာ ကြေညာထားပါတယ်။
"ဘယ်လိုစနစ်ထပ်ပြောင်းဦးမလဲ မသိပေမဲ့ ပွဲစားတွေရဲ့ မှောင်ခိုဈေးကွက်ရှိနေသရွေ့ကတော့ ကျနော်တို့လို ကိုယ်တိုင်လုပ်‌ရမယ့်လူတွေအတွက်ကတော့ ခက်ခဲနေဦးမှာပဲ၊ စနစ်သစ်ဆိုတာကို စောင့်ပြီးမှပဲ ထပ်ကြိုးစားတော့မယ်" လို့ ပတ်စ်ပို့လုပ်ဖို့ကြိုးပမ်းနေတဲ လူငယ်က ဆက်ပြောပါတယ်။
၂၀၂၂ မတ်လ ၂၁ ရက်မှာ စတင်ကျင့်သုံးခဲ့တဲ့ အွန်လိုင်းမှ ဘွတ်ကင်တင်ပြီး စာအုပ်လုပ်ဖို့ ရက်ချိန်းယူရတဲ့ စနစ်ကို ကျင့်သုံးပြီး ကိုးလအကြာမှာ အခုလိုဖျက်သိမ်းလိုက်တာဖြစ်ပြီး စနစ်သစ်တစ်ခုပြင်ဆင်ရေးဆွဲနေကြောင်း‌ ကြေညာထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up