ပီရူးတွင် အချက်အလက်အမှားများ ပျံ့နှံ့လာသဖြင့် အွန်လိုင်းမှ သေစာရင်း ထုတ်ပေးမှု ရပ်နား

ပီရူးနိုင်ငံမှာ လူသိများ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အချက်အလက်အမှားတွေ ပျံ့နှံ့လာပြီးနောက်မှာ အွန်လိုင်းကနေ သေစာရင်း ထုတ်ပေးမှုကို ရပ်နားထားလိုက်ပါတယ်။
သမ္မတလောင်း ကိုယ်စားလှယ်ဟောင်း ကီကိုဖူဂျီမိုရီ၊ အစိုးရရှေ့နေ ပတ်ထရစ်ရှာ ဘီနာဗီးဒက်စ်နဲ့ နိုင်ငံရေးခေါင်းဆောင် ရာဖဲလ်လိုပက်ဇ်အလီရာဂါတို့ အပါအဝင် ပီရူးနိုင်ငံရေးခေါင်းဆောင် အများအပြားရဲ့ သေဆုံးလက်မှတ်အတုတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။
ပီရူးနိုင်ငံရဲ့ အမျိုးသားမှတ်ပုံတင်ရေးနဲ့ နိုင်ငံသားအဆင့်အတန်း (RENIEC) ဌာနအကြီးအကဲ ဗလာဒီဟာ အောက်တိုဘာ ၁၄ ရက်မှာ အွန်လိုင်းကနေ သေဆုံးလက်မှတ် ထုတ်ပေးတာတွေကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်းနဲ့ သေဆုံးကြောင်းမှတ်ပုံတင်ဖို့ ပုံနှိပ်ထားတဲ့ သေဆုံးစာရင်း လက်မှတ်တွေကိုထုတ်ပေးတဲ့ စနစ်ဟောင်းကို ပြန်ကျင့်သုံးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
“စက်တင်ဘာလ ၂၅ ရက်ကတည်းက ရောက်ရှိလာတဲ့ အမှုတွေအားလုံးကို အစိုးရရှေ့နေရုံးကို အကြောင်းကြားထားကြောင်း၊ အဲဒီထဲမှာ တချို့သေဆုံးမှုတွေက အမှန်တကယ် မဟုတ်ကြောင်း ကြေညာထားပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်နိုင်မှာပါ”လို့ ဗလာဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာ အထူးတရားလိုရှေ့နေတွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူကို ရှာဖွေဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အစိုးရရှေ့နေရုံးက ပြောပါတယ်။