ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်တွင် ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦး ဒဏ်ရာရ

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ပန်မဖာ့မြို့ထဲမှာ ဒီဇင်ဘာ ၄ ရက် မနေ့ညနေပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများကာ လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပန်မဖာ့မြို့ Big C ကုန်တိုက်နဲ့ မျက်နှာချင်းဆိုင် ကုန်စုံဆိုင်ကြီးတခုထဲမှာ မနေ့ညနေ ၅ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ထဲကပစ္စည်းတွေအကုန် မီးလောင်ပျက်စီးခဲ့သလို အနီးနားရပ်ထားတဲ့ ကားနဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့ပြင် အနီးက ဘဏ်တိုက်နဲ့ လူနေအိမ် မှန်ပြတင်း၊ မှန်တံခါးတွေ အက်ကွဲပြီး ဆိုင်ရှင် ၁ ဦးနဲ့ ဈေးဝယ်လာသူ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့က ပန်မဖာ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။
တာဝန်ရှိသူတွေက ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စစ်ဆေးရာမှာ ခြင်ဆေးခွေ ထွန်းညှိရာက စတင်ကြောင်း၊ ခြင်ဆေးခွေက မီးပွားလေးဟာ အနီးကစက္ကူပေါ်ကျပြီး အဲဒီနားမှာ ရောင်းဖို့ချထားတဲ့ မီးရှူးမီးပန်းတွေဆီ ကူးစက်လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ မီးရှူးမီးပန်းကနေတဆင့် ဆိုင်ထဲက ထမင်းဟင်းချက်တဲ့ ဂက်စ်အိုးဆီ ဆက်လက်ကူးစက်ကာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ ဆုံးရှုံးမှုပမာဏ မသိရသေးပေမဲ့ ထိခိုက်ဒဏ်ရာရသူ ၂ ဦးကတော့ သက်သာလို့ ဆေးရုံကဆင်းလာပြီလို့ ဆိုပါတယ်။
ကိုးကား - ချနယ်လ် ၈ ထိုင်းတီဗွီသတင်း