ဂျာမနီတွင် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းက အီလာကာ့ချ်ဘာ့ဂ်မြို့မှာ ဒီဇင်ဘာ ၅ ရက်က အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးဟာ အမည်မသိ အမျိုးသားတဦးရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းသွားရာလမ်းမှာ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောပါတယ်။
မနက် ၇ နာရီ ၃၀ မိနစ်လောက်မှာ မိန်းကလေး နှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံကို ခေါ်ဆောင်သွားကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝလုပ်နေကြောင်း ရဲပြောရေးဆိုခွင့်ရှိသူ ဝုဖှ်ဂန်းင် ယွာဂျန်းစ်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အနီးနားရှိ အဆောက်အအုံတခုမှာ အမျိုးသားသုံးဦးကို ရဲတွေက တွေ့ရှိပြီးနောက် သူတို့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားကြောင်းနဲ့ ပြစ်မှုကျူးလွန်သူဟာ သူတို့ရဲ့ အသိုင်းအဝိုင်းထဲက တယောက်လို့ သံသယရှိနေပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ယွာဂျန်းစ်က ပြောပါတယ်။
တနင်္လာနေ့ မနက်ပိုင်းက ဒဏ်ရာအပြင်းအထန် ရနေကြတဲ့ မိန်းကလေးငယ်တွေကို တွေ့ရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ၁၄ နှစ်အရွယ် မိန်းကလေးကတော့ သူ့ရဲ့ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားပါတယ်။
ရဲတပ်ဖွဲ့က တရားခံနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ တခြားလူ နှစ်ယောက်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပြောကြားခြင်းမရှိသလို တိုက်ခိုက်သူရဲ့ ဖြစ်နိုင်တဲ့ ရည်ရွယ်ချက်အပေါ်လည်း ဘာမှထုတ်မပြောထားပါဘူး။
မြူးနစ်ချ်မြို့အနောက်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ လူပေါင်း ၅,၀၀၀ လောက်နေထိုင်တဲ့ အီလာကာ့ချ်ဘာ့ဂ်မြို့ရဲ့ မြို့တော်ဝန် မားကပ်စ် ဟယ်အွိုက်စ်လာက ဒီတိုက်ခိုက်မှုအတွက် တုန်လှုပ်မိကြောင်း ပြောပါတယ်။