close

ဘုတ်ပြင်းရှိ စစ်ကောင်စီ တပ်စခန်းကုန်းကို KNLA နှင့် PDF ပူးပေါင်းတိုက်ခိုက်

၂၀၂၂ ဒီဇင်ဘာ ၃ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံကျေးရွာနားက စစ်ကောင်စီတပ်ရဲ့ နယ်စပ်စခန်းကုန်းတခုကို ဒီဇင်ဘာ ၃ ရက် မနက် ၁၁ နာရီကျော်လောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

၂ နာရီကြာဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရခဲ့ပြီး RPG ၁ လက်နဲ့ MA 1 အမျိုးအစား သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း၊ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလျှပ်စီးက ပြောပါတယ်။ 

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ သူတို့ စခန်းကုန်းပေါ်အထိ တက်တိုက်တာ။ အဲဒီမှာ သူတို့ဘက်က ထိထားတဲ့သူတွေ ရှိတယ်။ ကျနော်တို့ဘက်က လက်နက်တွေသိမ်းပြီး ပြန်ဆုတ်လာခဲ့တာ။” 

တိုက်ပွဲဖြစ်ပွားပြီး ဒီဇင်ဘာ ၄ ရက် မနက် ၁ နာရီခွဲလောက်မှာတော့ မြိတ်၊ ကော့သောင်းဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဘုတ်ပြင်းမြို့အခြေစိုက် လေညာတပ်ရင်းကနေ အဲဒီနယ်စပ်စခန်းကုန်းကို လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူ ရောက်လာခဲ့ပါတယ်။

ဒီနောက် မနက် ၇ နာရီခွဲလောက်မှာတော့ လမ်းတလျှောက် အသင့်စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့  ၄ နာရီကြာလောက်  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up