close

ရဟတ်ယာဉ်အမှုအတွက် ကုမ္ပဏီတာဝန်ရှိသူ ၁ ဦးကို စစ်ဆေး

ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၆ ရက် ဒီနေ့ နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိငါးမှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ်သက်သေတွေနဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးပြီးဖြစ်လို့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရားရုံးနဲ့ နီးစပ်သူတဦးက “ဒီနေ့ရုံးချိန်းက ရဟတ်ယာဉ်ကုမ္ပဏီ AMAS က မန်နေဂျင်းဒါရိုက်တာ ဦးရဲမြင့်ကို ခံပြသက်သေ စစ်တယ်။ ငါးမှုလုံးပြီးတယ်။ သူက‌တော့ ဒီရဟတ်ယာဉ်ဝယ်တာ၊ ငှားတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး သူ သိတာလေးတွေပဲ ထွက်ဆိုသွားတယ်” လို့ ပြောပါတယ်။

ရုံးချိန်းကို နောက်အပတ် ပြန်လည်ချိန်းဆိုလိုက်ပြီး တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။

ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲ တရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အမိန့်ချပြီးသား အမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတင်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up