close

ဇာတ်မင်းသား ဖိုးချစ်နှင့် တေးရေးတေးဆို သျှန်ထွဏ်း (မြန်မာစာ) တို့ကို စစ်ကောင်စီ ဖမ်းဆီးထား

မြန်မာနိုင်ငံဘဘင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း မင်းသား ဖိုးချစ်နဲ့ တေးရေးတေးဆို သျှန်ထွဏ်း (မြန်မာစာ) တို့ကို နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး တပတ်နီးပါး ကြာချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ကြူစမ်းရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ သဘင်ခြံမှာ ဖိုးချစ် ရှိနေချိန် စစ်ကောင်စီဘက်က အင်အားသုံး ဖမ်းဆီးခဲ့တာလို့ သိရပြီး ပုဂံကို ဘုရားပွဲသွားနေတဲ့ သျှန်ထွဏ်း (မြန်မာစာ) ကို ရန်ကုန်မြို့အထွက် ဇီးရိုးမိုင်မှာ ကားပေါ်ပါလာတဲ့ ညီမဖြစ်သူနဲ့အတူ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“အစစအရာရာ အဆင်ပြေပါစေ၊ သူတော်ကောင်းနဲ့ တွေ့ပါစေ” လို့ ဖိုးချစ်အစ်ကိုဖြစ်သူ မျိုးမင်းထိုက်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားကာ သျှန်ထွဏ်း (မြန်မာစာ) နဲ့ နီးစပ်သူတွေကတော့ ဖမ်းဆီးခံလိုက်ရတာ ဟုတ်မှန်ကြောင်း အတည်ပြုထားပေမဲ့ အသေးစိတ်ကိုတော့ မသိသေးဘူးလို့ ဆိုပါတယ်။

အဆိုပါနေ့က ဖိုးချစ်၊ သဘင်ခြံရှိသူတဦး၊ သျှန်ထွဏ်း (မြန်မာစာ) နဲ့ ညီမဖြစ်သူတို့ ပေါင်း ၄ ဦးကို စစ်ကောင်စီက စစ်ဆေးစရာရှိတယ်လို့ ဆိုကာ ခေါ်ဆောင်သွားခဲ့တာပါ။

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က တာဝန်ရှိသူတဦးက‌တော့ “ကျနော်တို့လည်း ဂဃနဏတော့ မသိပါဘူး၊ ပြင်ပက သတင်းတွေမှာ ထွက်နေတဲ့ အတိုင်းပါပဲ” လို့ ပြောပါတယ်။

စစ်‌ကောင်စီဘက်က ကျင်းပနေတဲ့ လွတ်လပ်ရေးအကြိုပွဲမှာ ကပြပေးဖို့ ဇာတ်ငှားရမ်းတာကို ဖိုးချစ်ဇာတ်သဘင်အဖွဲ့က လက်မခံတာကြောင့် အခုလို အဓမ္မဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်၊ ဇာတ်သဘင်အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကိုဖိုးချစ် အဖမ်းခံလိုက်ရ‌တာ ဟုတ်ပါတယ်။ လက်ရှိ သဘင်ခြံကတော့ ဖွင့်ထားသေးတယ်။ ဘယ်ဖမ်းသွားသလဲ မသိသေးပါဘူး။ ဒီဘက်ကတော့ စုံစမ်းနေဆဲပါ” လို့ သဘင်ခြံနဲ့ နီးစပ်သူတဦးက ‌ပြောပါတယ်။

ဇာတ်သဘင်မင်းသား ဖိုးချစ်ဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ၅ ရက်နေ့ မတိုင်ခင်အထိ သဘင်အစည်းအရုံး (ဗဟို) ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းအထုတ်ခံထားရတယ်လို့ သိရပြီး စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာတော့ PDF တွေကို ထောက်ပို့လုပ်လို့ ဖမ်းဆီးခံခဲ့ရတာလို့ သတင်းဖြန့်ချိနေတာ တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up