close

မြန်မာနိုင်ငံတွင်း ပဋိပက္ခဒဏ်ခံစားနေရသည့်ဒေသက မိသားစုများအတွက် WFP ထောက်ပံ့

Photo-UN

မြန်မာနိုင်ငံတွင်း ပဋိပက္ခဒဏ်ခံစားနေရတဲ့ဒေသတွေက ထိခိုက်အလွယ်ဆုံး မိသားစုတွေအတွက် အသက်ကယ်စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရတွေ စတင် ထောက်ပံ့နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုပါတယ်။

ဥရောပသမဂ္ဂက ယူရို ၆ သန်းခွဲ (မြန်မာကျပ် သန်းပေါင်း ၁၅,၀၀၀ ဝန်းကျင်) ကို လှူဒါန်းထားတာဖြစ်ပြီး လူပေါင်း ၈ သိန်းကျော်ကို ထောက်ပံ့နိုင်မယ်လို့ ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေ၊ အနောက်မြောက်ပိုင်းဒေသတွေနဲ့ နယ်စပ်ဒေသတွေက လျာထားတဲ့နေရာ တော်တော်များများမှာ စတင်ထောက်ပံ့နေတာဖြစ်ပြီး မကြာခင် ရန်ကုန်မြို့က ဆင်းရဲနွမ်းပါးတဲ့ မြို့နယ်တွေမှာလည်း ထောက်ပံ့မယ်လို့ WFP ဆီက သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်သူနိုင်ငံသားပေါင်း ၁၅ သန်းလောက် (မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံနီးပါး) ဟာ ဝမ်းရေးအခက်အခဲကို အလယ်အလတ် ဒါမှမဟုတ် အပြင်းအထန် ကြုံတွေ့ရင်ဆိုင်နေကြရပြီး လူအများအပြားဟာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ဆီကိုတောင် ဝယ်ဖို့ အဆင်မပြေကြတော့ဘူးလို့ ဆိုပါတယ်။

အခြေခံစားသောက်ကုန်စျေးနှုန်းဟာ တနှစ်အတွင်း ၆၂ ရာခိုင်နှုန်း မြင့်တက်လာတာနဲ့အတူ  နိုင်ငံတွင်း နေရာအနှံ့အပြားမှာ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာလာရမှု များပြားလာတာဟာ ကုန်စည်စီးဆင်းတာနဲ့ စျေးကွက်လည်ပတ်နိုင်တဲ့အပေါ် ထိခိုက်စေနေပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဝမ်းရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖန် အန်ဒါဆန်က “ပဋိပက္ခနဲ့ ဝမ်းရေးအခက်အခဲတွေဟာ ကံမကောင်းစွာနဲ့ပဲ အမြဲ ဒွန်တွဲလျက်ရှိနေပါတယ်။ ဥရောပသမဂ္ဂရဲ့ အခုလို အချိန်မီပေးအပ်တဲ့ လူသားချင်းစာနာမှု ရန်ပုံငွေကြောင့် ကျနော်တို့ WFP အနေနဲ့ နေ့စဉ် ဝမ်းရေးပူပန်နေရတဲ့ မိသားစုတွေကို ဆက်လက်ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူသန်းပေါင်းများစွာဟာ WFP ရဲ့ စားနပ်ရိက္ခာ အထောက်အပံ့ကို မရှိမဖြစ် အားကိုးမှီခိုနေကြရတဲ့ အခြေအနေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ရပ်ရွာလူထုတွေ၊ ဒေသခံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ ပူးပေါင်းဆောင်ရွက်တာကတဆင့် ဖြန့်ဝေထောက်ပံ့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် အစောပိုင်းကစလို့ WFP ဟာ နိုင်ငံတဝန်းက လူဦးရေ ၃ သန်းလောက်အတွက် စားနပ်ရိက္ခာ၊ အာဟာရနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီတွေ ပေးနိုင်ခဲ့ပြီး လက်ရှိမှာတော့ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်း၊ ကယား၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့က အကူအညီအလိုအပ်ဆုံး ရပ်ရွာလူထုတွေဆီ သွားရောက်ကူညီနိုင်ရေးက ကန့်သတ်ချက်တွေ အများကြီးရှိနေတုန်းပဲလို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up