close

အစ္စရေးတပ်ဖွဲ့ စီးနင်းမှုအတွင်း ပါလက်စတိုင်း ၃ ဦး သေဆုံး

အစ္စရေးထိန်းချုပ်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ အကြမ်းဖက်မှုလှိုင်းတွေ ပိုမိုပြင်းထန်လာခဲ့ပြီး ဒီဇင်ဘာ ၈ ရက်က အရုဏ်မတက်ခင် အစ္စရေးတပ်ဖွဲ့ရဲ့ စီးနင်းမှုတခု အတွင်း ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဂျန်နင်မြို့အနီးနားမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်မှု တန်ပြန်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စီးနင်းဖမ်းဆီးမှုတခုအတွင်း အစ္စရေးစစ်သားတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ပစ်ခတ်ခံရတာကြောင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြန့်ကြဲနေတဲ့ ဒုက္ခသည်စခန်းတွေရှိရာ ဂျန်နင်မြို့နဲ့ သူ့ရဲ့အိမ်နီးချင်း နာဘလုစ်မြို့တို့မှာ ပြီးခဲ့တဲ့လတွေအတွင်း အကြမ်းဖက်မှုတွေ တိုးပွားလာတာပါ။

ဒီနှစ်ထဲမှာ ပါလက်စတိုင်း အယောက် ၂၁၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီသေဆုံးမှုစာရင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လက ဂါဇာကမ်းမြောင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း သေဆုံးသူတွေလည်း ပါဝင်ပါတယ်။

အများစုက အစ္စရေးမှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်မှာ စစ်တပ်က အနောက်ဘက်ကမ်းမှာ ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် သေဆုံးခဲ့ကြတာပါ။ သူတို့ထဲမှာ စစ်သွေးကြွတွေနဲ့ အရပ်သားတွေ ပါဝင်ပါတယ်။

အဲဒီကာလအတွင်း အစ္စရေးနဲ့ အနောက်ဘက်ကမ်းတို့မှာ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၃ ဦးနဲ့ လုံခြုံရေးဝန်ထမ်း ၈ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up