ဗီယက်နမ်လက်နက်ပြပွဲတွင် အမေရိကန်နှင့် ရုရှား ကုမ္ပဏီများ လက်နက်များ ပြသကြော်ငြာ

အမေရိကန်နဲ့ ရုရှား ကာကွယ်ရေးပစ္စည်းကုမ္ပဏီတွေဟာ ဒီဇင်ဘာ ၈ ရက်က ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံး အကြီးစားလက်နက်ပြပွဲမှာ လက်နက်တွေကို ပြသခဲ့ပြီး လေယာဉ်ပုံစံအမျိုးမျိုးကို အရောင်းမြှင့်တင် ကြော်ငြာခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာဗျူဟာကျကျ အရှေ့တောင်အာရှနိုင်ငံမှာ သြဇာလွှမ်းမိုးမှုနဲ့ လက်နက်ရောင်းချမှုအတွက် အပြိုင်အဆိုင် ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။
မြို့တော် ဟနွိုင်းရှိ လေတပ်စခန်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ တရုတ်နိုင်ငံကလွဲလို့ လက်နက်ထုတ်လုပ်တဲ့ နိုင်ငံကြီးတွေ အပါအဝင် နိုင်ငံပေါင်း ၃၀ က ပြခန်းပေါင်း ၁၇၄ ခန်းနဲ့ ဆွဲဆောင်ထားပါတယ်။
ဒီလက်နက်ပြပွဲဟာ ဗီယက်နမ်ရဲ့ တကမ္ဘာလုံး အတိုင်းအတာထဲ ပါဝင်ပြီး ကွဲပြားခြားနားတဲ့ ခေတ်မီမီ အားထုတ်ကြိုးပမ်းမှု ကဏ္ဍသစ်ကို ကိုယ်စားပြုနေတယ်လို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မာ့ခ် နက်ပါက ပြပွဲရဲ့ ဘေးထွက်အချိန်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်အနေနဲ့ အများအားဖြင့် ကမ်းရိုးတန်းစောင့်သင်္ဘောတွေနဲ့ လေ့ကျင့်ရေး လေယာဉ်တွေကို ကန့်သတ်ထားတဲ့ ဗီယက်နမ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်းလည်း အမေရိကန်သံအမတ်က ပြောပါတယ်။
အမေရိကန်ဟာ ကာကွယ်ရေးလိုအပ်ချက်တွေ အထူးသဖြင့် ရေကြောင်းဆိုင်ရာ စွမ်းရည်တွေအကြောင်း ဆွေးနွေးဖို့ အဆင်သင့်ပဲလို့လည်း သူကဆိုပါတယ်။
အခုချိန်ထိတော့ ရုရှားဟာ ဗီယက်နမ်ကို အဓိက လက်နက်တင်သွင်းသူဖြစ်ပြီး သူ့ရဲ့လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားပေမဲ့ ယူကရိန်းစစ်ပွဲကြောင့် သူ့ရဲ့ ကာကွယ်ရေးပစ္စည်းတင်ပို့မှုကို ကန့်သတ်ထားနိုင်ပြီး ပိတ်ဆို့အရေးယူမှုတွေကလည်း အလားအလာရှိတဲ့ ဝယ်သူတွေကို ဟန့်တားထားတာကြောင့် လက်နက်ဝယ်ယူဖို့ အမှာစာတွေ လတ်တလောမှာတော့ သိသိသာသာ လျော့ကျသွားပါတယ်။